Tuesday, January 31, 2012

ဘယ်တော့မှ မမေ့ဘူး

ကျွန်တော် ကြိုက်ခဲ့တဲ့ သီချင်းလေးပါပဲ။
ဘယ်တော့မှ မမေ့ဘူးတဲ့။
ဘယ်သူတွေ ဘာပဲပြောပြော ဦးကျော်ကြီး က သူ့ရဲ့ ခေတ်တစ်ခေတ်ကို ထိန်းနိုင်ခဲ့တယ်။
ခုတော့ ဦးပဉ္ဇင်းကြီး လည်း ဘယ်မှာရောက်ပြီး ဘာတရားတွေများ ရှုနေလဲ မသိဘူးနော်။

Monday, January 30, 2012

Sky Park Hotel မှာ တစ်ညတာ





ဒီနေ့ Sky Park Hotel မှာ တစ်ည အိပ်စက်ခွင့် ရတယ်။
ပျော်သလို ရှိခဲ့ပေမယ့် တစ်ကယ် ရောက်တဲ့ အခါကျတော့ အိမ်က အိပ်ယာကို ပိုလွမ်းမိတယ်။
ဘာမှ ထူးခြားမှု မရှိပေမယ့် ကိုယ့်လစာနဲ့ဆိုရင် အနားတောင် မကပ်နိုင်တဲ့နေရာမို့လို့ သည်းညည်းခံပြီး အိပ်ရတော့မှာပဲလေ။

အစားအစာတွေကလည်း ဈေးကြီးလိုက်တာ ဘာမှတောင် မှာမစားရဲလို့ ကော်ဖီလေး တစ်ခွက်ပဲ ဖျော်သောက်လိုက်တယ်။

ဒီလို နေရာမျိုးမှာ မိသားစုနဲ့သာ လာနေရရင်တော့ တကယ် ပျော်မိမှာပဲ။
ခုတော့ ပိုပြီး အထီးကျန်တဲ့ ဝေဒနာကို ခံစားရတယ်။
ကျွန်တော်က နဂိုကတည်းက အိမ်ချစ်တဲ့သူပဲ။
ပြောရင်းဆိုရင်းနဲ့ ရန်ကုန် က ကျွန်တော်တို့မိသားစုကို ပို ပို လွမ်းမိတယ်။

Sky Park ကို သွားချင်ရင် ၂၀ တဲ့။ ဒါပေမယ့် ကျွန်တော့မှာ Member Card ရှိတော့ တက်ကြည့်မယ်ဆိုရင် အလကားတော့ တက်ကြည့်ခွင့် ရမှာပါ။ စိတ်ထဲ မပါလို့ တက်မကြည့်တော့ပါဘူး။

အခန်းကို မီးပိတ်ပြီး အပြင်ဘက်ကိုပဲ ငေးနေမိတယ်။

စင်ကာပူမြို့ကြီးကတော့ သူ့ဟာသူ လှနေတာပါပဲ။ ကျွန်တော့မှာတော့ အမျှင်မပြတ်တဲ့ အတွေးတွေနဲ့။
ကိုထီးရဲ့ သီချင်းသံကတော့ အခန်းထဲမှာ ပြန့်လွင့်လို့ပေါ့။
ငယ်စဉ်က ကလေးလေး ဘ၀မှာ.... ဆိုပြီးတော့ ကျွန်တော့ကို ပိုပြီး အထီးကျန်စေတယ်။

ဒီတစ်ညကိုတော့ ကျွန်တော် ကျော်ဖြတ်ရမယ့် ခက်ခဲတဲ့ ည တစ်ည ထဲမှာ စာရင်းတို့ထားရတော့မယ် ထင်ပါရဲ့။
ညတွေမှာလည်း အိပ်မပျော်တဲ့ ရောဂါက ပြန်စနေတာကိုး။

ဓါတ်ပုံလေးတွေကိုတော့ အမှတ်တရ အနေနဲ့ပဲ ရိုက်မိတာပေါ့နော်။

အမျိုးချစ်တဲ့ကျုပ်ရဲ့ ကာရန်မရှိသော ကဗျာ တစ်ပုဒ်


ကမ္ဘာမှာ မြန်မာဝင့်ကြွားစေရယ်ဖို့
ခင်ဗျားတို့ အတုယူထိုက်သော အရာကို အတုယူကြပါ။

ဒါကိုတော့ လက်မခံနိုင်ဘူး
ဒို့တွေရဲ့ အမူအကျင့်နဲ့ မအပ်စပ်ဘူးဆိုတဲ့အရာကို
ရှောင်ကြဉ်ကြပါ။

ဘယ်သူမှ ခြောက်ပစ်ကင်း သဲလဲစင် မရှိပါဘူး

ကျုပ်ကတော့ ရင်မောတယ်

ဝင်လည်း မပါချင်ဘူး။

မကြည့်ပဲနဲ့လည်း မနေနိုင်လို့
အမြဲတမ်းပဲ စောင့်ကြည့် လေ့လာတယ်။

တဏှာမပါပဲ
အပြာကား ရိုက်လို့ရသလား

သွားစမ်းပါ။

အမျိုးဂုဏ်ဆိုတာဘာလဲ။

ခင်ဗျား အဖေနဲ့ အမေ ရဲ့ အမျိုးကို
ကျုပ် ပြောနေတာ မဟုတ်ဘူး။

ယဉ်ကျေးမှုကိုကော နားလည်ရဲ့လား
နိုင်ငံခြားမှာ အနေကြာလို့
ခင်ဗျားကြီး မေ့သွားတာလား။

သခင်ကိုယ်တော်မှိုင်းကြီး
မျက်ရည်ကျရမယ့် နေ့တွေ ဖန်တီးနေတာလား။

ကျုပ်ကတော့ ကျုပ်တို့ တိုင်းပြည်ကိုပဲ ချစ်တယ်
ကျုပ်တို့ ယဉ်ကျေးမှုကိုပဲ မြတ်နိုးတယ်

လျှာပေါ်မှာ မြက်ပေါက်ပါစေ
အလေလိုက်မယ့် စိတ်ထားနဲ့
ကျုပ်ကို လာ မဖြားယောင်းနဲ့
ကျုပ်ကတော့ ဗူးဆို ဖရုံ မသီးဘူး
ပြီးမှလည်း ငြမ်း မဖျက်တတ်ဘူး။

ဒါပေမယ့် တစ်ခုပဲ ပြောမယ်
ကျုပ် အမျိုးကိုတော့ ချစ်တယ်။

Saturday, January 28, 2012

ပညာရေးနှင့် တိုင်းပြည် အနာဂါတ် အလားအလာ


ကျွန်တော်သည် စက်မှုတက္ကသိုလ်မှ ဘွဲ့ရ တစ်ဦး ဖြစ်ပါသည်။ ကျွန်တော် ပထမနှစ် စတက်ခဲ့စဉ်က သင်္ချာဘာသာရပ်များမှာ အထက်တန်းကျောင်းမှ သင်ထားသော ဘာသာရပ်နဲ့ အလွန်ကွဲပြားသည့်အတွက် မဖြစ်မနေ ကျူရှင်ယူပြီး နားလည်နိုင်အောင် ကြိုးစားခဲ့ရသည်။ ဘာသာရပ်များ ခွဲပြီးသည့် အခါတွင်ကား ကျူရှင်ယူစရာ မလိုတော့ပေ။ မိမိအခန်းတွင် သင်သော သက်ဆိုင်သော ဘာသာရပ်များကို ဆရာများမှ သင်ယူထားသည့်အတိုင်း လေ့လာခဲ့ပြီး နားမလည်သည့် အကြောင်းအရာများကို စာကြည့်တိုက်များမှ လည်းကောင်း၊ ဆရာများထံ ချဉ်းကပ်၍လည်းကောင်း သင်ယူခဲ့ရသည်။ စာမေးပွဲများတွင် အဆင့်မကောင်းသော်လည်း အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ပါသည်။
ယခု ကျွန်တော်၏သား အလှည့်။ သူသည်လည်း မြို့ပြဘာသာရပ်ဖြင့် ပထမနှစ်တက်နေသူ ဖြစ်လေသည်။ သားဖြစ်သူမှ ကျူရှင်ယူလိုသည်ဟု ပြောသည်ကို ကြားခါစတွင် မအံ့သြမိသော်လည်း ဘာကြောင့် ယူချင်ရသည်ကို မေးမြန်းရာမှ အကြောင်းစုံ သိရ၍ အလွန်တရာမှ တုန်လှုပ်မိလေတော့သည်။ သားဖြစ်သူမှ ဆရာ/ဆရာမ များမှ အတန်းတွင် စာကောင်းစွာ မသင်ကြားကြောင်းနှင့် သင်ရိုးကိုလည်း ကောင်းစွာ မသင်ဟု သိရသည်။ အပြင်တွင် ကျူရှင်ဖွင့်ထား၍ ကျူရှင်တွင်သာ သင်သည်။ အတန်းတွင် လူစာရင်းစစ်ခြင်းသည်သာ အဓိကထားပြီး ကျောင်းသားများ ပျက်စီးနေမှုကို လျှစ်လျူရှုထားသည့် အဖြစ်ကို သားမှ တစ်ဆင့်သိရ၍ တုန်လှုပ်မိပါသည်။ ကျွန်တော့မှာ မယုံနိုင်၍ သား၏ အကိုတော်သူတစ်ဦးအား ကျောင်းကို သားနှင့်အတူတက်၍ စုံစမ်းခိုင်းမိသည်မှ အကြောင်းစုံကို ပို၍ သိလာရသည်။
တိုင်းပြည်တစ်ပြည်၏ အနာဂါတ်အလားအလာမှာ ပညာရေးသည် အဓိက ကျသော နေရာမှ ပါဝင်ပေသည်။ ကျွန်တော်တို့သင်ယူခဲ့သော၊ ကျွန်တော့သား သင်ယူနေသော အင်ဂျင်နီယာ ဘာသာရပ်များမှာ ပို၍ နက်နဲစွာ ပါဝင်မည်မှာ မြေကြီးလက်ခက်မလွဲပေ။ ကျွန်တော်တို့တိုင်းပြည်၏ အဓိက လိုအပ်ချက်များ ဖြစ်သော အခြေခံ အဆောက်အဦများမှာ ကျွန်တော်တို့ကဲ့သို့ အင်ဂျင်နီယာများမှ တည်ဆောက်ရမည် မဟုတ်ပါလော။ ယခုအချိန်ကဲ့သို့ တိုင်းပြည်၏ ကောင်းမွန်သော ပြောင်းလဲချက်များကို ခေတ်နှင့်လျော်ညီစွာ တည်ဆောက်ရမည်မှာ ယခုခေတ် လူငယ်လူရွယ်တို့၏ အင်အားနှင့် တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်မှုသည် အရေးပါပေသည်။ လူငယ် လူရွယ်တို့၏ အညွန့်ကို ယခုကဲ့သို့ ရိုက်ချိုးနေခြင်းမှာ တိုင်းပြည်အတွက် အလွန်ပင် နစ်နာပေသည်။ ယခုဆိုလျင် ကျွန်တော်၏သားမှာ မြန်မာပြည်တွင် ပညာ သင်ကြားလိုစိတ် မရှိပဲ နိုင်ငံခြား တိုင်းပြည် တစ်ခုတွင် ပညာသင်ကြားလိုနေသည်မှာ လူငယ်လူရွယ်တစ်ဦး၏ မြန်မာပြည် ပညာရေးစနစ်ကို ပြက်ရယ်ပြုလိုက်ခြင်းသာ ဖြစ်သည်ဟု ကျွန်တော့အနေနဲ့ ခံစားမိပါသည်။
အရင်းစစ် အမြစ်မြေက ဆိုသကဲ့သို့ ဘာကြောင့် ယခုလို ဖြစ်ပျက်ရပါလဲ။ တိုင်းပြည်၏ ခေါင်းဆောင်များဟု ဆိုသော ပုဂ္ဂိုလ်များ အလေးအနက်ထား စဉ်းစားသင့်သော အရာတစ်ခု ဖြစ်ပါသည်။ ကျွန်တော့အနေဖြင့် ရိုးရိုးရှင်းရှင်းသာ မြင်ပါသည်။ အဓိက ပြဿနာမှာ စားဝတ်နေရေးသာ ဖြစ်ပေလိမ့်မည်။ ဆရာ/ဆရာမ များအား လစာ ကောင်းစွာ မထောက်ပံ့ခြင်းသာလျှင် အဓိက ဖြစ်ပေလိမ့်မည်။ ဆရာ/ဆရာမ များအား လစာ ကောင်းစွာ ထောက်ပံ့ခြင်းဖြင့် ကျောင်းတွင် စာသင်ကြားရေးကိုသာ အာရုံစိုက်မည် ဆိုပါက မည်သူမျှ ကျူရှင်ပညာရေးကို လုပ်လိမ့်မည် မဟုတ်ချေ။
မိမိတို့တိုင်းပြည်၏ ၀န်ထမ်းများအား လစာ ကောင်းမွန်စွာ မထောက်ပံ့နိုင်လျှင် မည်ကဲ့သို့သော အဂတိမျိုးကို ပိတ်ပင်တားဆီးနိုင်မည်နည်း။ အရေးကြီးသော အချက်ပင် ဖြစ်သည်။ ၀န်ထမ်းများအား လစာကောင်းမွန်စွာ ထောက်ပံ့ပြီးသကာလ ကုန်ဈေးနှုန်းများ လိုက်မြှင့်တက်မည့် ၀ိသမလောဘသမားများအား ထိန်းချုပ်ရမည်မှာ တိုင်းပြည် အုပ်ချုပ်နေသော၊ ပြည်သူများမှ တင်မြှောက်ထားသည့် သမ္မတကြီးနှင့်တကွ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများသာ ဖြစ်သည်။

Friday, January 27, 2012

စိတ်ကျ ပန်းချီကား


အိပ်မရတဲ့ည သံသရာတွေ
ငါ့ဆီ တစ်ခါ ပြန်လာပြန်ပါပေါ့။

တစ်ခါတစ်ခါများ
စိတ်အစာတွေများ မကြေလို့လား
စိတ်ကြေဆေးလေး ပေးကြပါဦး
သန်းခေါင်ယံမှ သီတဲ့
ဥသြသံလည်း ငါ နားခါးတယ်
အိမ်ကိုပဲ လွမ်းနေတာလား
အရင်ဘ၀ကိုများ တမ်းတမိလေသလား
နတ်ဆိုးတစ်ကောင်ကိုများ အားကျပြန်လေသလား
လား ပေါင်းများစွာနဲ့
ည ပေါင်းများစွာကို ကျော်ဖြတ်
မနက် က တကယ် နေထွက်ခဲ့
ငါလည်း နွေနံနက်ခင်းရဲ့ အလှကို
မသိလိုက်ရဘူး
ငါ့ကဗျာတွေဟာလည်း တကယ်
မအပ်စပ်တော့ပါဘူး
ရောင်စဉ်တွေ ခုနှစ်ထွေမကတဲ့
သံသာလေ ကမ်းတိုင်လည်း
ငါ မညည်းနိုင်ပြန်
ငါ့ကို အိမ်ပြန်ပို့ကြပါဦး။

Thursday, January 26, 2012

သိလျက်နဲ့




ဒီသီချင်းလေးကို ကိုကျော်ကြီးဆီက ဒေါင်းထားတာပါ။

ငါ အရှုံးပေးရတဲ့ ည


ဒီညကတော့
ငါ အရှုံးပေးရတဲ့ည...

အိပ်စက်နည်း မျိုးစုံကလည်း
ငါ့ကို အရှုံးပေးရတဲ့ည...

စာအုပ်တွေ ဖတ်ပါလားတဲ့
တစ်မျက်နှာပြီး တစ်မျက်နှာ
စာအုပ်သာ ပြီးဆုံး
ငါ လုံးလုံး အိပ်မရတဲ့ည...



တရားတွေ နာပါလားတဲ့
ဆရာတော်ကိုတော့ အားနာပါတယ်
ဒါပေမယ့် ကြိုးစားကြည့်တော့လည်း
တရားသာ ပြီးဆုံး
ငါ လုံးလုံး အိပ်မရတဲ့ည...

အရက်နဲ့ ဘီယာ
တွဲကာသာ ချ သူငယ်ချင်းတဲ့
ပုလင်းသာ လဲသွားတယ်
ငါ့မှာ ရင်တွေ ပူတုန်း
ငါ လုံးလုံး အိပ်မရတဲ့ည...

ဆေးလိပ် သောက်ပြီး အိပ်တဲ့
ဗူးတစ်ဝက်သာ ကျိုးသွားတယ်
ရင်မှာ ဗလောင်ဆူတုန်း
ငါ လုံးလုံး အိပ်မရတဲ့ည...

ဘယ်လို နတ်ဆိုးပါလိမ့်
ငါ့ရဲ့ အိပ်စက်ခြင်းကို သူ သိမ်းပိုက်
ငါ့ကို မှောင်မိုက်တဲ့ ညမှာ
သူ ပစ်ထားခဲ့တာပဲ
ငရဲ တစ်ပိုင်းဆိုတာကို
ည တိုင်းတော့ မကြုံချင်ဘူး
အိပ်ဖန်စောင့်နတ်ရေ
ငါ့ ကို ပစ်ခွာမပြေးဖို့
တောင်းပန် ပေးကြပါဦး
ဒီညလေးကိုတော့
ငါ့ အတွက် ချန်ထားပေးပါ။

အိပ်စက်ခြင်းမဲ့တဲ့ ည


အိပ်စက်ခြင်းတွေ
ဖန်တီးလို့မရတဲ့
ညတစ်ည.....

လ ကလည်း မသာ
ကြယ်ကလည်း ပျောက်
အရက်တွေ သောက်ပြီး
မညည်းပဲ အိပ်ကြည့်တယ်.....



ဆေးလိပ်တွေလည်း ဖွာ
တစ်လိပ်ပြီးတစ်လိပ်
ငါ့ရဲ့နိမိတ်တွေ ဖမ်းကြည့်တယ်
အတိတ်သာ ရှိတယ်
အနာဂတ်က ပျောက်
ပစ္စုပ္ပန်မှာ တစ်ထောက်နား
ငါ ခဏလောက် အိပ်ပါရစေ......

သီချင်းသံတွေလည်း
နားစည်မှာ တိုးမပေါက်
ယောက်ယက်ခပ်နေတဲ့
အတွေးစ ဝေဒနာ
ငါ ဘာနဲ့ ရှုရမှာလဲ
အတိတ်ကိုသာ တမ်းတမိတယ်.....

ဟိုးအရင် ငါ့ရဲ့ အတိတ်
မာနတွေ တံခွန်လိုထူပြီး
လူဆိုရင် ဗိုလ်မထားခဲ့တာ
ခုမှ ဘာလို့ ၀ဇီပိတ်
ကြိတ်လို့သာ နေပါလိမ့်......

မခံချိ မခံသာ
ကံကြမ္မာသာ ယိုးမယ်ဖွဲ့စေခဲ့တဲ့
မောဟတွေ ပေးတဲ့ည
ငါ အိပ်စက်လို့ မရတာ
အခါခါလည်း ရှိခဲ့ပြီ......

ရင်ထဲမှာ ဒေါသ မီးတောင်
လောင်ကျွမ်းရင်း ဖြတ်သန်း
ဗြန်းကနဲ သာ ငါ့ ရင်ပေါက်ကွဲ
အလဲအကွဲ တွေပဲ ကြုံပြန်တယ်......

တောက်......
ဒီမှာ တစ်ခေါက်လောက်ပါ
ငါ့မျက်နှာကို စေ့စေ့ကြည့်စမ်းပါ
ငါ ဟာ အပေါစား မဟုတ်ဘူး
ပြောသမျှကို သည်းညည်းခံပေမယ့်
ငါ အကြံအဖန် မဟုတ်ဘူး
မင်း လုပ်သမျှကို လည်ထောက်စင်းခံပေမယ့်
ငါ ကျောက်ရုပ်မဟုတ်ဘူး.......

သနားတတ်တဲ့ ငါ့နှလုံးသားကို
မြိန်ရည်ယှက်ရည် စားသုံးပါ
အလကားတော့ အဖြစ်မခံပါနဲ့
ဒါပေမယ့်
တောင်းပန်ပါရစေ
ဒီညလေးကိုတော့
ငါ့ကို ပေးသနားပါ
အိပ်မက်မှာ ငါ ပျော်နေသရွေ့
မေ့နေဦးမယ့် ငါ့ဘ၀မို့
ဒီညအဖို့တော့ တိတ်တဆိတ်
ငါ အိပ်ပါရစေ။

Wednesday, January 25, 2012

မေးခွန်းနဲ့ အဖြေ


တစ်ခါတစ်လေတော့လည်း
မေးခွန်းတွေက သိပ်လွယ်ပေမယ့်
ဖြေရခက်တယ်။

နှစ်ယောက်တစ်အိပ်မက်ဆိုတာ
ရုပ်ရှင်မှာပဲ ရှိတာပါ
အပြင်မှာ လက်တွေ့က
တစ်ယောက် တစ်အိပ်မက်တောင်
မက်လို့ မဆုံးနိုင်ဘူး။




သံသရာခရီးကို
လည်ရင်းနဲ့ ခဏတာ ရောက်ခဲ့တာ
ထောက်ထားစရာတွေနဲ့
လျှောက်မြဲလျှောက်ပေါ့
ဘာကြောင့် ခုမှ ညည်းမှာလဲ။

ကမ္ဘာဟာ သူ့ဘာသာ တေးဆို
ငိုကြွေးမှာတော့ မဟုတ်ပေဘူး
မှားယွင်းမှုက သင့်နောက်ကျောမှာလေ
ရင်ဘက်ထိတော့ မရောက်စေနဲ့ပေါ့။

တစ်ခါတစ်လေတော့လည်း
မေးခွန်းတွေက သိပ်လွယ်ပေမယ့်
ဖြေရခက်တယ်။

Tuesday, January 24, 2012

Saturday, January 21, 2012

ဘယ်မှာလဲ.......


ဥသြ တွေလည်း
တေးသီနေဆဲ
ရင်ထဲမှာလည်း
လွမ်းမိနေမြဲ........

ကာရန်မသိတော့တဲ့
ကဗျာတစ်ပုဒ်
အလွမ်းတွေနဲ့ပဲ ထုပ်သိမ်းထားတယ်


တစ်ရံရောအခါဆီလည်း
ငါ ပြန်ပြီး မလွမ်းချင်တော့ပါဘူး
ထူးပြီးတော့လည်း မစွမ်းသာ
ရင်ထဲမှာက လမင်းပျောက်
မင်းဟာလည်း ငါ့နတ်သမီး မဟုတ်ပြန်
မှန်ကန်သော သစ္စာလည်း
ပစ်ခွာ ထွက်ပြေး
အဝေးကြီးဆိုပေမယ့်
ငါ့ရှေ့မှာ မင်းရပ်နေတုန်းပဲလေ။

Friday, January 20, 2012

ပျော်စရာနေ့တဲ့လား


ပျော်စရာ ကောင်းတဲ့နေ့
ဘယ်နေ့ပါလိမ့်
ပြက္ခဒိန်မှာ ရှာမတွေ့
ရွေ့လျားမှု နိယာမ မှာလည်း မရှိ
အသိတွေကလည်း မှုန်ဝါးလို့
ထွေပြားတဲ့ စိတ်ကို ထိန်းချုပ်
ငါ့ကို တုပ်နှောင်နေတဲ့
တစ်ချောင်းသော ကြိုးကို ဖြတ်
ရှေ့ဆက်ရမယ့်လမ်းကို ဟန်နဲ့ လျှောက်
ဒူးတော့ မထောက်ပါဘူး
ရူးမလောက်လည်း ဖြစ်ခဲ့တာမှ မဟုတ်တာ
ပျော်စရာ ဆိုတာ အဖော်ရှာမှ
ဖြစ်ရမှာတဲ့လား
ငယ်ချစ်ရာ။

Thursday, January 19, 2012

ချစ်သော ဇနီးသို့ လွမ်းချင်း


ချစ်သူရေ......
တစ်ခါတစ်လေတော့လည်း
လွမ်းမိနေဆဲပါပဲ။

ဟိုးတုန်းက အချိန်တွေဆို
ပျော်စရာ ဆွေအပေါင်းနဲ့
ဒို့တွေ ကောင်းကောင်း ပျော်ခဲ့ကြတာပေါ့။

ခုတော့လည်း.....
အတိတ်ဆီ ပြန်မသွားနိုင်တဲ့
အချိန်ရထားကြီးက
အသာစီးရနေပြီလေ။

အနာဂါတ်မှာ
ကိုယ်တို့ရဲ့ ဘ၀သာယာဖို့
အထာမကျတဲ့ အရပ်မှာ
အလွမ်းဇာတ်ပဲ ကနေရဦးမယ်။

Wednesday, January 18, 2012

ရိုင်းတဲ့ စကား


စကားပြော ရိုင်းတဲ့သူတွေကို ဒီစင်ကာပူမှာ တွေ့နေရတာတော့ အများကြီးပါပဲ။ တစ်ချို့ကတော့ လူမျိုးမတူ စရိုက်ကွဲပြားကျတော့ နားထောင်ရတာ အင်မတန်မှ ရိုင်းပါတယ်။ တစ်ချို့ကျတော့ အကျင့်ပါနေလို့ စကားပြော ရိုင်းပါတယ်။
ကျွန်တော်တွေ့ကြုံရတဲ့ သူတွေထဲက တစ်ချို့အကြောင်းလေးတွေ ပြောပြပါ့မယ်။
၁။ ကျွန်တော့ သူဌေး စင်ကာပူ တရုတ်
စကားပြောရင် WTF ကို ထည့်ပြောတတ်တယ်။ နားထောင်ရတာ သူတို့အတွက် ဘာမှ မဆန်းပေမယ့် ကျွန်တော့လို လူအတွက်ကတော့ ဒီလူ တော်တော် ရိုင်းပါတယ်။ ကျွန်တော်ကိုယ်တိုင် စကားပြောရင် ဆဲတာ ဆိုတာ တွေ မပါအောင် အထူးသတိထားပြီး ပြောပါတယ်။ တစ်ခါတစ်လေ တအားစိတ်ဆိုးမှသာ ဆဲဆိုမိတာပါ။
၂။ ကျွန်တော့ အလုပ်သမားတွေ...
စကားပြောရင် အင်း အင်း နဲ့ တော်တော်ရိုင်းတဲ့ကုလားလေးတွေ
၃။ အင်း သူကတော့ ဗမာ ပဲ...
သူကလည်း စကားပြောရင်း အင်း အင်း နဲ့။
ဆရာကြီးလေသံ အမြဲ ဖမ်းတတ်တယ်။ လူကြည့်တော့ လက်မလောက်လေး... အသက်ပြောတာပါ။
ကျွန်တော်ကတော့ ဘယ်သူတွေ ဘယ်လောက်ရိုင်းရိုင်း ကျွန်တော်နဲ့ အရင်းနှီးဆုံး ပါတ်သက်တဲ့ သူတွေကိုတော့ ယဉ်ကျေးစေချင်တယ်။ စကားပြောရင် ဟုတ်ကဲ့ ဆိုတာမျိုးတော့ အနည်း ဆုံးပြောသင့်တယ်။ ပြောလိုက်ရင် ဘာလဲ ဆိုတာမျိုး ၊ ဘာဖြစ်လဲ ဆိုတာမျိုး လာပြောရင် နားရင်းသာ ပိတ်တီးချင်တော့တာပါပဲ။ ဒါဟာလည်း ချစ်လို့ ဆိုတာ သိစေချင်တယ်။
ကျွန်တော်တို့ မြန်မာ လူမျိုးတွေဟာ ယဉ်ကျေးလိမ္မာ ချစ်ခင်စရာ ကောင်းတယ် ဆိုတာပဲ ဖြစ်စေချင်တယ်။
ဒါဟာလည်း ကျွန်တော့ ရဲ့ အတ္တ တစ်ခုပေါ့နော်။
ဘာပဲ ပြောပြော ကျွန်တော်ကတော့ အချစ်မပျက်ပါဘူး။ ကိုယ့်သားသမီးတွေ ညီညီမတွေကို ယဉ်ကျေးတဲ့ စရိုက်လေးတွေ ရှိစေချင်တာပါ။ ဒါကလည်း သူတို့ရဲ့ မျိုးဆက်တွေအတွက် လိမ္မာ ယဉ်ကျေးတဲ့သူတွေ ဖြစ်စေချင်လို့ပါပဲ။

စကားပြောကောင်းတဲ့ လူ


ကျွန်တော် အမြင်ကပ်ဆုံးက စကားပြောနေရင်းနဲ့ ကိုယ့်စကားကို အာရုံမထားပဲ သူပြောချင်တာကို ၀င်ပြောတတ်တဲ့သူမျိုးကိုပါပဲ။ ကျွန်တော့ ပါတ်ဝန်းကျင်မှာကို ဒီလို လူမျိုးတွေ တွေ့တွေ့ နေရတယ်။ တကယ် စိတ်မချမ်းမြေ့စရာပါပဲ။ ကိုယ့်စကားနွားရ ဆိုတဲ့လူမျိုးဟာ ဘယ်တော့မှ Speaker ကောင်း တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ Good Listener ဖြစ်မှသာလျှင် Good Speaker တစ်ယောက် ဖြစ်လာမှာပါ။ ကျွန်တော်လည်း အရင်နုစဉ်တုန်းက ဒီလို ၀င်ဝင် ပြောတတ်တယ်။ ကျွန်တော့ ကို ကောင်းကောင်းလေ့ကျင့် ပေးသွားတာက ကျွန်တော့ ယောက္ခမ နဲ့ ကျွန်တော့အမေ ပါပဲ။ အသက်ကြီးလာတဲ့ အခါမှာ သူတို့မှာ အဓိက လိုအပ်တာက သူတို့ ပြောတာကို စိတ်ရှည် လက်ရှည် နားထောင်ပေးတတ်တဲ့သူကိုပါပဲ။ ကျွန်တော်ဟာ သူများပြောတာကို စိတ်ရှည်လက်ရှည် နားထောင်ပေးတတ်တဲ့ အကျင့်ကို ဒီမိဘတွေဆီက ရရှိလာတာပါပဲ။ ကျွန်တော် Network Marketing ကို လုပ်တော့ ဒီအကျိုးကျေးဇူးကို ကောင်းကောင်း ခံစားလိုက်ရတယ်။
စင်ပေါ်မှာ စကား ပြော ဖို့ဆိုတာ သာမာန်လူတစ်ယောက်အနေနဲ့ မလွယ်ပါဘူး။ ကိုယ်တိုင် ပြောဘူးတဲ့ သူမှ သိတာပါ။

Tuesday, January 17, 2012

အိမ်တော်ကျွန်


စီးတော်မြင်းတစ်ကောင်နဲ့
ကျွန်ရင်းတစ်ယောက်
ခရီးကြမ်းတစ်ခေါက် ထွက်ကြတယ်။

သောင်ကမ်း မသိပေမယ့်
ယောင်ယမ်းကာလည်း မညည်းပါဘူး
အထူးတလည် ပြောစရာမလိုအောင်
ရေဘူးတောင် ဆောင်လာသေးတာပဲ
ဝေးရင်လည်း ဒီတစ်သက်ပဲပေါ့။

Monday, January 16, 2012

သံသရာအတွက်


ကဗျာတွေ အသက်သွင်းရင်းနဲ့
ငါ့လိပ်ပြာလည်း အတောင် တစ်ဖက် ကျိုးခဲ့ပြီ
ဒီခရီးရှည် ကို နီးသတဲ့လား။

ဆေးလိပ်ငွေ့တွေ တထောင်းထောင်းထနေတဲ့
အတိတ်ရဲ့ ညနေစောင်းမှာ
မာယာတွေနဲ့မင်းကို ရူးသွပ်မိတာ
တစ်သက်စာ အမှားတစ်ခုပဲလား။

လွမ်းပုံပြင်တွေလည်း မြက်ခင်းစိမ်းရဲ့တစ်ဖက်မှာ
ယိမ်းနွဲ့နွဲ့ ရီဝေမူး
အနီရောင် တိမ်တိုက်တွေရဲ့ တစ်ဖက်တစ်ချက်
ယဲ့ယဲ့လေး ပြုံးပန်းတစ်ပွင့်နဲ့
သခင်ရဲ့ အရှေ့မှာ ဒူးထောက်ခစားနေလေတယ်။

ပျိုမြစ်ခြင်းတွေကို တိုက်စားသွားတဲ့
ငါ့ရဲ့ လက်ပတ်နာရီလေး
ဝေးဝေးကနေ ငါ့ ကို ပြုံးပြတယ်
တကယ်တော့ သူမမှားပါဘူးတဲ့
ဟုတ်ပါရဲ့ ....
ဒါတွေဟာ သံသရာတစ်ခုပေပဲ
ဖန်တစ်ရာတေတဲ့
ငါ့ရဲ့ နိမိတ်တွေပဲလေ။

ဆယ့်သုံးနဲ့ ငါ
အခါခါ ပြောဘူးပါတယ်
မူးကိုလည်း မြစ် ငါ ထင်လို့လား
အနှစ်မပါတဲ့အရာတွေ ရင်ဘက်ကို ဖောက်ပြီးဆင်း
မင်း အတွက်တော့ ငါမှ မဟုတ်တာ
သေချာတာကတော့
ရေတွေ ကောင်းကင်ကို ဖြတ်တက်နေတယ်။

ညီထွဋ်ကတော့ ပြောတုန်း
အားလုံးပြီးဆုံးသွားပြီတဲ့......
တကယ် ပြီးမပြီးကိုတော့
ကောင်းကင်ကို မော့ကြည့်လေ
နေမင်းကြီးက ငိုနေတာ
ဒီ တစ်ခါတည်းမှ မဟုတ်တာ
ဒါသံသရာ အတွက်တဲ့။

နောက်ထပ် ကြုံဦးမယ့် နေ၀င်ချိန်


ဒီနေ၀င်တာ နောက်ထပ်ကြုံဦးမယ် ဆိုတဲ့
ကိုငှက်ရဲ့ သီချင်းလေးနဲ့
စီးဆင်းရာ လေတစ်ကြောမှာ
မျောပါရင်း ရိုက်ခဲ့
ထိခိုက်မိခဲ့ ရင်နှလုံး
အပြုံးတုလေးတွေ ဖန်ဆင်း
ကံကိုလည်း အပြစ်မမြင်ပါဘု
အရင်းကိုလည်း မစစ်ချင်
ဝင်လာမိ သံသရာ အမှား
ထားခဲ့ အတိတ် နှလုံးအိမ်ထဲ
ဒီနေ၀င်တာပဲ လွမ်းမိတယ်။

Saturday, January 14, 2012

မနေ့က ခံစားချက်


မနေ့ကတည်းက ရေးချင်နေတာ...
အချိန်မရတာနဲ့ ဒီနေ့မှ ရေးလိုက်ရတယ်။
မြန်မာပြည်မှာ သတင်းကောင်းတွေ ကြားရလို့ ၀မ်းသာလိုက်တာ
မျက်ရည်တွေတောင် လည်လို့။
မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို တကယ် သွားနေပြီလို့ပဲ ယုံနေချင်တယ်။
ကိုမင်းကိုနိုင်တို့လွတ်လာတာ တိုင်းပြည်အတွက် တကယ်ပဲ အကျိုးရှိပါတယ်။
မာန်မာနတွေ ချထားတဲ့ ဦးခင်ညွန့်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းပြီး တိုင်းပြည်အတွက်
ကောင်းရာကောင်းကျိုး ကို လုပ်စေချင်တယ်။
ဘယ်ပဲပြောပြော သူ့လက်ထက်မှာတုန်းက နိုင်ငံတကာမှာ ၀င်ဆန့်ခဲ့တာ ဘယ်သူမှ မငြင်းနိုင်ဘူး။
ငြိမ်းချမ်းရေး လုပ်ခဲ့တာတွေလည်း နည်းမှ မနည်းပဲ။
သူ့လက်အောက်က တစ်ချို့တွေရဲ့ မကောင်းမှုကြောင့် သူလည်း ခံစားခဲ့ရတာပါပဲ။
ဒီမိုကရေစီိကို ကြွေးကြော်ပြီး မကောင်းတာ လုပ်နေတဲ့သူတွေလည်း နည်းမှ မနည်းတာ။
ငါးခုန်းမ တစ်ကောင်ကြောင့်တော့ တစ်လှေလုံး မပုပ်စေချင်တော့ပါဘူး။
တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ သူများနိုင်ငံတွေရဲ့ အနှိမ်ခံ မဟုတ်ပဲ ရင်ဘောင်တန်း နေတာကိုပဲ လိုချင်မိတယ်။
ကျွန်တော်တို့လို သူများနိုင်ငံတွေမှာ အလုပ်ထွက်လုပ်ပြီး မိသားစုနဲ့ခွဲခွာနေရတဲ့သူတွေအဖို့ ခံစားရချက်တွေက
မနည်းမနောပဲကိုး။
အားလုံးကို ချစ်ခင်စွာဖြင့်
သက်ဝင်း

Friday, January 13, 2012

Friday the Thirteen


ကျွန်တော် အကြိုက်ဆုံး ဗီဒီယိုက Friday the Thirteen....
ဒီနေ့ မှာ ICA မှာ PR သွားတင်တယ်။
စာရွက်စာတမ်း မပြည့်စုံလို့ နောက်ထပ် ရက်ချိန်း ပေးလိုက်ပြန်တယ်။
......
ဒီနေ့ အိမ်က ညီမလေး ရဲ့ မွေးနေ့.......
ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းပေးနိုင်တယ်။ သူ့မှာလည်း သူ့အပူနဲ့သူဆိုတော့.....
......
နှစ်ရက် ရှိပြီ ကဗျာ မစပ်နိုင်တာ.....
ခေါင်းတွေလည်း ထူပူနေတာပဲ......
ဒီနေ့လည်း ကပေါက်တိ ကပေါက်ချာ နေ့စွဲ တစ်ခုပါပဲ။

Thursday, January 12, 2012

စိတ်ဓါတ်ကျမိတဲ့ နေ့စွဲ ထဲက တစ်နေ့


အသက် ၄၀ ကို စတင် ကျော်ဖြတ်ခဲ့တဲ့ သားဆိုး တစ်ယောက် ခုချိန်ထိ အမေ့ရင်ခွင်ကို တမ်းတတုန်းဆိုတာ ဘယ်သူ ယုံနိုင်မှာလဲ။ ပျောက်ကွယ်ခဲ့တဲ့ အမေ့ရဲ့ ရင်ခွင်ကို ဘာနဲ့မှ အစားထိုးလို့ မရခဲ့ပါဘူး။ ခုချိန်ထိ စိတ်တွေ ထွေပြားနေတဲ့ အမေ့ရဲ့ သားဆိုးဟာ လူတွေနဲ့ ဝေးရာကိုပဲ ထွက်ပြေးချင်နေမိတယ်။ ကိုယ့်မိသားစု အပေါ်မှာလည်း ခုချိန်ထိ တာဝန် မကျေပွန်နိုင်သေးဘူး။ ကျွန်တော့် ရဲ့ မျှော်လင့်ချက် အိပ်မက် အကောင်အထည်ဖော်နေတဲ့ အချိန်ဇယားရဲ့ သတ်မှတ်ချက် အသက် ၅၀ ကို ပြည့်ဖို့ ၁၀ နှစ်ပဲ လိုတော့တယ်။ ဒါပေမယ့် သေချာမှုကို ခုချိန်ထိ မရရှိသေးဘူး။ ကျွန်တော် ပင်ပန်းလှပြီ။
ဟိုးတုန်းကလို ပျော်မြူးခဲ့ရတဲ့အချိန်တွေကို တမ်းတ မိနေဆဲ။
အပူအပင် မရှိခဲ့တဲ့ ကလေးဘ၀ကို ပြန်လိုချင်နေမိမြဲ။
ကဗျာတွေကလည်း အသက်မဲ့နေခဲ့ပါပြီ။

Wednesday, January 11, 2012

ကိုနေ၀င်းမောင် သို့


သုဂတိမှာ ကောင်းစေဘို့
ကျွန်တော် တောင်းဆု ပြုပါတယ်
သူ ထုဆစ်ခဲ့တဲ့ ရုပ်လုံး
အကုန်လုံး မပေါ်တောင်
အရှုပ်ဘောင်ကို ကျော်လာတာ
လူတကာ သိကြပါတယ်။

ဆရာ့အကြောင်း
တစ်စေ့တစ်စောင်းလေး
အကောင်းတွေမသိ
အမုန်းတွေနဲ့ ငြိတဲ့အချိန်မှာတောင်
လူမသိ သူမသိ
ဝေဒနာ ထိ ခဲ့တာတွေ
ခုတော့လေ
ကိုနေ ရေ...
ကျွန်တော် ၀မ်းနည်းမိပါရော့လား။

ချိုး နဲ့ ခါချဉ်



တရားမျှတခြင်းနဲ့
ဘာတဲ့.....
ဒါတွေက စာသားတွေပါ
ကဗျာတော့ မဟုတ်ဘူး
အရူးလုပ် မခံရပါစေလို့ပဲ
ဝေဒနာရှုရင်း
ဆုတောင်းတယ်။

ဘာတဲ့ ဘာတဲ့
ကြိုးစားပါမယ်တဲ့လား
ကြားရဖန် များလာတော့လည်း
ရိုးတော့ ရိုးနေပါပြီ
ဘ၀နဲ့ ချီလာပြီကိုး
အတိုးပေါ် အတိုးဆင့်
ရင်နင့်ခဲ့ရတာ
ငါ တစ်ယောက်တည်းမှ မဟုတ်ပဲ။

ဘာဗျ ဘာဗျ
ကြိုးစားကြပါလားတဲ့လား
ဘယ်လိုများ ကြိုးစားရပါ့
ချိုး(ဂျိုး) တစ်ကောင်
အတောင်တွေ ကျိုးနေတာ
မမြင်တာ ခင်ဗျားလေဗျာ။

သူ့လက်ထဲမှာ
ဘာရှိတာတုန်း
အဲဒါကြီးနဲ့သာ ကြုံးလိုက်ရင်
ရှင်နေမင်းတောင် မမြင်ရတဲ့
ဘ၀ ဆိုတာ ကြီး ပျောက်ကွယ်မှာလေ။

ဘယ်လို ဘယ်လို
ခင်ဗျားကိုတော့ မထိရဲ
အဲဒါပဲလေ ကျုပ်ပြောတာ
ကမ္ဘာမှ မကျော်တဲ့ငနဲ
လောကထဲမှာ ပျောက်ကွယ်လို့လည်း
ကိုယ်ကလွဲလို့
သူပဲသိမှာ
ခါချဉ်ကောင်ပါကွာ။

Tuesday, January 10, 2012

သမိုင်း ရိုင်း



အံကြိတ် ငုံ့ခံ
အားတန်လည်း မာန်လျှော့
အသံတွေ တိတ်
ကြိတ် ငိုကြွေးပေါ့
မင်း ရေးခဲ့တဲ့ သမိုင်း
ရိုင်းကာမှ ရိုင်းတော့
အနှိုင်းမဲ့မှာတော့ မဟုတ်ဘူးကွ။

ပစ္စုပ္ပန်မှာ
မင်းသာ ခံပေရော့
နောင်တော့ အနာဂတ်
လာတော့ လာမှာပေါ့
ဟော့သွမ်းမိခဲ့ မိုက်တစ်ခါအမှား
ခံစားရ တစ်သက်
ငါ ရှက်လှချည်ရဲ့။

ကိုယ်ချင်းစာလို့လည်း
မနာတတ်ကြသူတွေအတွက်
ငါ နံရံကိုသာ လက်သီးနဲ့ထိုး
ဒီအကျင့်ဆိုးနဲ့
မချင့်မရဲသာ ငိုမိ
ငါ သတ္တိတောင် မရှိတော့ဘူး။

ကြွေအံ ပစ်တဲ့အချိန်
ကိုယ် သိမ်ငယ်စိတ်ပျောက်
မိုးလောက် မြင့်မတ်
မျှော့်လင့်ချက် တိမ်တောင်
ယောင်မှား အမိုက်
ခိုက်တံ့ခဏ
နောင်တ ရပြန် တစ်ခါပေါ့။

အညံ့ပန်း


အညံ့ပန်းဆိုတာ ရှိတယ်
ရင်ထဲထိ မငြိပေမယ့်
အသိတရား ကွာတဲ့အချိန်
မှေးမိန်တဲ့ အလင်းအောက်မှာ
ရှာကြံ သုံးတတ်ကြလေရဲ့။

အညံ့ပန်းဆိုတာ ရှိတယ်
မရှိခဏ ဆိုပြီးတော့
အသိတရား ငြိတဲ့အချိန်မှာ
မာယာ စကားလှလှလေးတွေနဲ့
စွန့်ထားကြပြန် လေရဲ့။

အညံ့ပန်းဆိုတာ ရှိတယ်
ဝမ်းနည်းမှုကိုလည်း မပြတတ်
ဝမ်းသာရမှာကိုလည်း မစွမ်းသာ
သူ့ဝမ်းနာ သူသာသိသမို့
မေ့လိုက်ဖို့ပဲ တွေးမိတယ်။

Monday, January 9, 2012

အလောကထဲက ငါ


နာရီရဲ့ မျက်ရည်တွေ
နှလုံးသား အတုကို ဖန်တီး
ကမ္ဘာအပြားကြီး အောက်မှာ
သမုဒ္ဒရာ ရှိတယ်။
သုညတွေ တန်းစီ
အရှုံးတွေနဲ့ ရီမော
အလောကမှာ လူအတုတွေ
အိပ်မက်အတုတွေ ဖန်တီးနေလေရဲ့။
ငါ့ အတွက် တုန်လှုပ်စရာ
ရေတွေ ပျောက်ကွယ်တဲ့ခဏ
ခဏပါနော်
မောတယ် လို့တော့ မပြောလိုက်ပါနဲ့
ငါလည်း မောတာပါပဲ။
မျှော်လင့်ချက် တစ်စုံ
ရင်ခုန်နှုန်းတွေ ရပ်
အသက်တောင် ရှုချင်စိတ်မရှိဘူး
ငါ ရူးချင်နေမိပြီ။

Love လား.... ဒါမှမဟုတ်... Lust လား


ဒါကို တစ်ချို့က LOVE တဲ့
တစ်ချို့ကျတော့ LUST တဲ့
ခင်ဗျားကကော...
ကျွန်တော်ကတော့
LOVE ကိုပဲ ယုံတယ်
LUST ဆိုတာ အနှစ်မရှိတဲ့အရာ
တဏှာကိုသာ မက်ရင်
သံစဉ်တွေလည်း ဖြစ်လာမှာမဟုတ်ပေဘူးလေ
ရာဂ အမှောင်ကို သင် တွန်းလှန်နိုင်မှ
ချစ်ခြင်းအလှကို ရှာတွေ့မှာပေါ့
သမီးရည်းစား အချစ်
လင်မယား အချစ်
ဒီအဖြစ်တွေကို သံယောဇဉ်နဲ့သာပေါင်း
မင်္ဂလာတွေ ခညောင်းလိမ့်မယ်
တဏှာနဲ့ ရာဂကို မောင်းထုတ်
အလုပ်နဲ့သာ သက်သေပြလိုက်ပါ
ဖွင့်ဟပြောနေမှသာ
ချစ်တာ မဟုတ်ပါဘူး
ဆူးစူးနေတဲ့ နှလုံးသားကို
ဓါးနဲ့သာ ဖြတ်ထုတ်လိုက်
Life ဆိုတာ တိုတိုလေးပါ။

Friday, January 6, 2012

တစ္ဆေ ရဲ့ ငိုကြွေးသံ


တစ္ဆေ ရဲ့ ငိုကြွေးသံ
ကောင်းကင်ယံမှာ ပြန့်ကျဲလျက်
အသက်ငင်နေတဲ့ နာရီ
ရင်ဘက်ထဲက ဖောက်ထွက်
အရှက်တရား တဲ့......

အရိုးတွန်သံတွေ ကြားနေရတယ်
မြောက်ပိုင်းက ဆိုလား
သမိုင်းကို ရိုင်းစေခဲ့သူတွေ
တိုင်ကြီးတွေ ဝေဆာနေတဲ့
ဒို့ကျောင်းတော်ရဲ့ ဂုဏ်ကိုမှ မထောက်
သဘောက်မသားတွေ.......

အမျိုးဂုဏ်ကြောင့်ပါတဲ့
ညအမှောင်မှာ လူကောင်းဆိုတဲ့သူတွေက
ဆုံးမ ကြပြန်တယ်
ဟယ်... ငမိုက်သား
နှလုံးသား မရှိတဲ့တရားနဲ့
အရှိကို မမြင်ကြဘူးလား
သင်ဟာ လူသား မဟုတ်တော့ဘူး........

နင့်ဘ၀ နင်သာ အဓိက
ငါ ရှိနေကြတာလား
အဲဒီ့ ငါ
သေတဲ့အခါ မင်းယူသွားပါ
နားထဲမှာ ဆူဝေ
တစ္ဆေ ရဲ့ ငိုကြွေးသံ
တဖန် ပြန်ကြားနေရတယ်
ခံစား မိရဲ့လား........

Thursday, January 5, 2012

Sympathy


Sympathy တဲ့....
တကယ် ရှိလို့လား ဒီစကား
နားရှိလို့သာ ကြားမိတယ်
တကယ်ဆိုရင် တစ်ဖက်သက်
ငါ့ဘက်ကိုလည်း လှည့်ကြည့်ကြပါဦး
နားလည်မှု ပီတိတစ်ခုလောက်
ငါ သောက်သုံးပါရစေ။

Wednesday, January 4, 2012

အရှုပ်တွေနဲ့ ကျွန်တော်


ဒီနေ့တော့ ကဗျာ တစ်ပုဒ်တောင် မရေးနိုင်တော့ဘူး။
ရှုပ်လိုက်တဲ့ အလုပ်တွေ
ကွန်ပျူတာတောင် ကောင်းကောင်း မကိုင်ရဘူး။
ခေါင်းတွေလည်း မူးနေပြီ။
လူလည်း အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့
တော်တော် ပြိုင်းနေပေါ့။
အိပ်ရေး မ၀တာလည်း ကြာပေါ့။
အိပ်မက်တောင် မမက်နိုင်တော့ဘူး။

Tuesday, January 3, 2012

တိတ်အနှောင်း


သံစဉ် ရောယှက်
တေးသီငှက်...
မြင်လွှာ အရိပ်
နှောင်းအတိတ်...
သံစဉ်အရိပ်
နှောင်းအတိတ်တေးသီ
ကျစိတ်တွေ ဒီရေအလား
တိုးလို့သာပွား...
..........
ဒီလိုသာ ကာရန်ကိုက်ရေးမှ
ကဗျာက ဖြစ်မှာတဲ့လား
သံစဉ်ကြားရာ
လိုက်ပါစီးမျောမှ
နှလုံးသား လှသတဲ့လား
အမှန် ဘ၀ဆိုတာကတော့
သံသရာ ပင်လယ်ကြောမှာ
လိုက်ပါမျောရင်း
မောပြီးရင်းသာ ပိုမော
အဟောသိကံလည်း
ကြံဖန်ပြောကြလေရဲ့
အဖန်ဖန်လည်း နှောကြလေသတဲ့
မင်းရဲ့ သံစဉ်လိုတော့
နားဝင်ချိုနိုင်မယ် ထင်ဘူး
ရင်က တိတ်အနှောင်းကိုလည်း
နောင်တ ဆိုတာ မရှိစကောင်းပေမို့
ကျစိတ်တို့ ရင် ၀င် မတိုးခင်
မေ့လိုက်ချင်ရဲ့။

ကပေါက်တိ ကပေါက်ချာ အိပ်မက်


မျက်ရည်တစ်စက်
ငါ့ခြေထောက်အောက် ပေါက်ကနဲကျ
ဒူးမထောက်ဘူးဆိုတဲ့ စိတ်
ညွတ်ကျသွားပြန်ပေါ့။
နှလုံးသွေးတစ်စက်
ရင်ဘက်ကနေ ဖောက်ထွက်
မင်း ရှေ့မှောက်
တစ်ခေါက် ပြန်ရောက်ပြန်ပေါ့။
အိပ်မရတဲ့ ညတွေ
များလွန်းလှချည်ရဲ့
ငါ့မျက်ခွံတွေ လေးလံလှပြီ
လူတွေဆီက ပြေးထွက်ခဲ့ရပြန်ပေါ့။
လက်ညှိုးပေါင်း တစ်ထောင်
မျက်လုံးပေါင်းက မရေနိုင်
ငါ့ကွယ်ရာမှာ မေးငေါ့
တစ်ချို့ကလည်း သနားကြလေရဲ့
နေမင်း အနောက်ကထွက်ပြန်ပေါ့။
သံယောဇဉ် သမုဒ်တစ်စင်း
ဖြတ်သန်းရင်းနဲ့ ကျော်ဖြတ်
ရေတွေလည်း ငတ်လှပေါ့။
ကာရန်မပီတော့ပေမယ့်
ကဗျာတော့ ဖြစ်ချင်ရဲ့
ရင်တွင်းပူ ဝေဒနာတွေကို
ဖွေရှာနိုင် မြိုင်တစ်ကျောမှာ
ငါ... ရူးလှပေါ့။