Friday, February 24, 2012

Wednesday, February 22, 2012

စက်မှုတက္ကသိုလ် ဒုတိယနှစ်


ပြောရမယ်ဆိုရင် ကျောင်းမှာ အဆိုးရွားဆုံး သောင်းကျန်းခဲ့တာ ဒီဒုတိယနှစ်ပါပဲ။ သူငယ်ချင်းကောင်းကတော့ ကိုစာကလေး ခေါ် ကိုကျော်ဝင်းအောင်။
ကျွန်တော် ကျောင်းတွေ မတက် ပေတေလေနေတဲ့အချိန်မှာ ကျွန်တော့အနားမှာ ရှိခဲ့တာ ကိုစာကလေး။
သူငယ်ချင်းတွေ တော်တော်များများမှာ အခင်မင်ဆုံး သူငယ်ချင်းတွေထဲမှာ
စာကလေး၊ အောင်စည်သူ၊ ကပ္ပိယ၊ ဖိုးကေး ဒီလေးကောင်နဲ့တော့ တော်တော်လေး တွဲမိတယ်။ ဒါပေမယ့် ကျွန်တော်ဆိုးတဲ့အထဲမှာ ဒီကောင်လေးကောင် မပါဘူး။ ဆိုးဖော်ဆိုးဖက်တွေက တခြားသူငယ်ချင်းတွေ။
ဒီလေးကောင်က ကျွန်တော့ကို ထိန်းကျောင်းပေးနေတဲ့ကောင်တွေပေါ့။ အဲဒီအထဲမှာမှ ကျွန်တော်အချစ်ဆုံးက စာကလေး။ ဒီကောင်ကတော့ ကျွန်တော့ညီအရင်းလိုပဲ။
ဒီကောင် ရည်းစားရတော့ အင်းစိန်က ကောင်မလေးနဲ့။
ကျွန်တော် စာမေးပွဲ ဖြေခါနီး စိတ်တွေ တအားလေနေတဲ့အချိန်....
ဒီကောင်က သူ့ကောင်မလေးအိမ်မှာ တံခါးမရှိ ဓါးမရှိ ၀င်နေတဲ့အချိန်ပေါ့။
ကျွန်တော့ကို သူ့ကောင်မလေးအိမ်ကို ခေါ်သွားပြီးတော့ လဘက်တွေကျွေးပြီး စာတွေကျက်ခိုင်းတာ မှတ်မိသေးတယ်။ သူ့ကောင်မလေး နာမည်က မိုးသက်စံ... အခုတော့ သူတို့နှစ်ယောက်လည်း အိမ်ထောင်ကျပြီးတော့ ကလေးတောင် ၂ ယောက်ဖြစ်နေပြီ။ ဟုတ်တယ်နော် ကိုစာကလေး ၂ ယောက် ဟုတ်တယ်မဟုတ်လား။ တစ်ခြားတော့ သိပါဘူး။ ( ငါ ဘာမှ ပြောဘူးနော် ... မင်းကောင်းကြောင်းတွေပဲ ပြောထားတာ... ငါ့မိန်းမ မကေခိုင်ကို ဘာမှာ မပြောကြေး ... ဟဲဟဲ )
ကျွန်တော်တို့က ယောက်ဖ လို့ခေါ်တဲ့ နှမလည်း မရှိတဲ့ အောင်စည်သူကြီးရယ် ဖိုးကေးရယ် ကပ္ပိယရယ် ကတော့ ခုထက်ထိ လူပျိုကြီးတွေ လုပ်နေတုန်း။ ကျန်တဲ့သူတွေတော့ မသိဘူးဗျ။ ဖိုးကေးကိုတော့ ယုံတယ်။ ဒီကောင်ကြီး ရည်းစားသနာ ထားတာလည်း မတွေ့ဘူး။ ငှက်ပျောတုံး ဖက်ရဖို့ အသေချာဆုံးကတော့ သူပဲ။ ကျန်တဲ့ နှစ်ကောင်ကတော့ အချိန်မတန်သေးလို့ပဲ ထင်ပါတယ်။ ခုချိန်ထိတော့ လူပျိုကြီးပါခင်ဗျာကို ကြွေးကြော်ကောင်းတုန်း။ ဒါမှမဟုတ် မာမီကြွယ်ကိုပဲ အားကျနေကြလားတော့ ကျွန်တော်လည်း မသိဘူး။ ကြုံရင် ကျွန်တော်မေးကြည့်ရဦးမယ်။ အဟီး ကိုဖိုးကေး ချစ်လို့စတာနော်။ ပြန်ပြီးတော့ မ သမ ကြေး။
ကျွန်တော် ဒုတိယ နှစ် ကျောင်းမတက်ရသေးဘူး။ ပါချုပ်နဲ့ အရင်ဆုံး မိတ်ဆက်ရတာ ကျွန်တော်နဲ့ ဖဲရိုက်ဘက်တွေ။ အဆောင်လက်ခံတဲ့နေ့ပဲ အဲဒီည ချိန်းပြီး ဖဲရိုက်ကြတာ ပုပ္ပါးဆောင်မှာ။ အဆောင်မှူးက ကျွန်တော်တို့ ချစ်စနိုးခေါ်တဲ့ ဂေါဗါချော့။ သူက မနက်လေးနာရီလောက် လမ်းလျှောက်သံပေးပြီး ရပ်ခိုင်းနေတာ။ ကျွန်တော်တို့ကလည်း တစ်ချပ်မှောက်ဆိုတော့ အရှိန်တွေ တက်နေတာ။ ဆရာက သည်း မခံနိုင်တဲ့အဆုံး တံခါးခေါက်ပြီး ဖမ်းပါလေရော။ အခန်းက စတုတ္ထ နှစ်သမားတွေအတွက်ပေးတဲ့ တစ်ယောက်ခန်း။ ပြေးစရာ အပေါက်မရှိဘူး။ အခန်းထဲမှာ ဖဲရိုက်နေတဲ့ကောင်က ၅ ယောက်၊ ဘေးထိုင်ဘိုင်ကျ ဘုပြောနေတဲ့အကောင်က ၄ ကောင်၊ ကုလားသေ ကုလားမော လာအိပ်နေတဲ့အကောင်က ၆ ယောက်။ ဟုတ်ကဲ့ တစ်ယောက်ခန်းမှာ အားလုံးမိတာ ၁၅ ယောက်။ :D အဲဒီအထဲကမှ ဖဲရိုက်တဲ့ ၅ ယောက်ကို ပါချုပ်ဆီကို ပို့တာ။ ပါချုပ်က ဦးကြင်စိုး။ တစ်ခါမှ မဆဲဘူးတဲ့ ဆရာကြီးက အဲဒီနေ့မှာ မှတ်မှတ်ရရ ငါနဲ့ ကိုင်တုပ်တာ ခံလိုက်ရတာက ကျွန်တော်တို့တွေ။ အမယ် ပါချုပ်နဲ့ တွေ့ရမယ် ဆိုတော့ အားလုံးက လည်ကတုံးလေးတွေ ကိုယ်စီနဲ့။ အတော် ခန့်ညားနေတာ။ ဆရာကြီးလည်းတော်တော် စိတ်လေသွားပုံရတယ်။ သူ့ရာဇ၀င်မှာ ကျောင်းမဖွင့်သေးဘူး အရင်ဆုံး သြ၀ါဒ ပေးရတာ အဲဒီအခေါက်က ပထမဆုံး ဖြစ်မယ် ထင်ပါရဲ့။
အဲဒီလို ကျွန်တော်တို့က အဖွင့်ကောင်းတာ ဒုတိယနှစ်ကို။

Saturday, February 18, 2012

စက်မှုတက္ကသိုလ် ပထမနှစ်


ကျွန်တော် စက်မှုတက္ကသိုလ်ကို ပထမနှစ်အနေနဲ့ တောင်ငူကနေ ရန်ကုန် ကို ရထားနဲ့ထွက်မယ့်အချိန်....
ချစ်လှစွာသော သူငယ်ချင်း အောင်နိုင်ဦးက ဘူတာကို အပြေးအလွှား လာရောက်ပြီးတော့ ရန်ကုန်မှာ သုံးဘို့အတွက် ဆိုပြီး ကျွတ်ကျွတ်အိတ်တစ်လုံးနဲ့ အပြည့် လာပေးရှာတယ်။ ဘာတွေလဲဆိုတော့...... မား လို့ခေါ်တဲ့ ဆေးခြောက်တွေ....
ကျွန်တော့မှာ ဘုရားမျိုးစုံ တ လိုက်ရတယ်။ ဘာလို့လဲဆိုတော့ ဘူတာကို အဖေနဲ့တကွ အဖေ့ရဲ့ တပည့်အပေါင်းက လိုက်ပို့ကြတာကိုး။ သိကြတော်မူတဲ့အတိုင်း အဖေက အဲဒီတုန်းက တောင်ငူက မြို့နယ်ရဲတပ်ဖွဲ့မှူး။ အဖေများ မိလိုက်လို့ကတော့......... သားလည်း ရှောင်မှာ မဟုတ်ဘူး။ ထောင်ထဲ တန်းပို့မှာ။

အဖေနဲ့ ပါတ်သက်ပြီး တစ်ခုပြောစရာရှိတယ်။ ကျွန်တော် ၁၀ တန်း ပထမနှစ် ဖြေပြီးတဲ့အချိန်။ အဲဒီတုန်းက ခေတ်စားတဲ့ Million 5 တို့ Billion 5 တို့ကို ကျွန်တော် ကောင်းကောင်းသုံးတတ်နေပြီ။ ညနေကျရင် မန္တလေး ဘီယာလေးလည်း စုပ်တတ်နေပြီ။ ဘီယာက တစ်ပုလင်းကို ၅၀။ မုန့်ဘိုးက တစ်ရက်စာလို့ မရှိဘူး၊ ကြုံရင်ကြုံသလိုတောင်းတာက အများဆုံးမှ ၅၀ တည်းရယ်။ ဘယ်လိုမှ မှီဝဲဘို့မလွယ်ဘူး။ အဲဒီတော့ ကျွန်တော်ရယ်၊ စခန်းမှူးသားရယ်၊ ဒုရဲအုပ်တစ်ယောက်ရဲ့သားရယ်၊ အရပ်ထဲက သူငယ်ချင်းတစ်ယောက်ရယ် စုပြီးတော့ ဗီဒီယို တစ်ရုံကို လေလံစွဲတယ်။ တစ်ရက်ကို ၄၀၀ နဲ့။ အက်ရှင်ကားတို့ သိုင်းကားတို့ ကုလားကားတို့တွေကို နေ့လည်ပိုင်းပြပြီးတော့ ညပိုင်းကျတော့ လူကြီးကားကို ခိုးပြကြတယ်။ ကျွန်တော်တို့လေလံစွဲတာက ၅ ရက်။ ၂ ရက်မြောက်နေ့မှာ အဖေ သတင်းရသွားလို့ ကျွန်တော့ကို သူ့ ရုံးခန်းထဲ ခေါ်ပြောတယ်။ အခုချက်ခြင်းရပ်တဲ့။
ကျွန်တော်တို့မှာလည်း ပိုက်ဆံကပေးပြီးသားဆိုတော့ မထူးဘူးဆိုပြီး ဆက်ပြတယ်။ ၃ ရက်မြောက်ညမှာ အိမ်ကို ညပွဲပြပြီးတော့ ခိုးပြန်လာတော့ အဖေက အိမ်ရှေ့နားက သူ့အလုပ်စားပွဲမှာ အလုပ်လုပ်တုန်း။ အဖေက " ဟေ့ကောင် မင်း အဲဒီမှာ ရပ်နေ " ဆိုပြီး ပြောတော့ ကျွန်တော် လှေကားထစ်အပေါ်လေးနားမှာ ရပ်နေရတာပေါ့။ အဖေက သူ့အလုပ်တွေ လက်စသပ်ပြီး ကျွန်တော့ဆီ လျှောက်လာပြီး လက်သီးနဲ့ ထိုးထည့်လိုက်တာ ကျွန်တော် လှေကား ၃ ထစ်ကနေ ဂျွမ်းပြန်ကျသွားပါလေရော။ အိမ်မှ အမေကော ညီအကို မောင်နှမတွေကကော ဘယ်သူမှာ လာမထူရဲဘူး။ မှတ်မှတ်ရရ အဖေဆုံးမခဲ့တာ အဲဒီတစ်ခါတည်းနဲ့ ကျွန်တော် အီစလန်ဝေသွားတာ။ ကျွန်တော့အဖေက အဲဒီလိုမျိုး။

အင်း ခုနက စာကို ဆက်ရရင်....
ကျွန်တော်ခုနက အထုပ်ကို အဖေ မသိအောင် သေသေချာချာ သံသေတ္တာထဲထည့်၊ ပြီးတော့မှ ရထားကြီးစီးပြီး ရန်ကုန်ကို ရောက်လာတယ် ဆိုပါတော့ဗျာ။
ရန်ကုန်မှာ ကျွန်တော်နေရတာက ဒူးယားဆောင်၊ အဲဒီအဆောင်က ကျွန်တော့အတွက် မစိမ်းဘူးဗျ။ ကျွန်တော် ကျောင်းမတက်ခင်ကတည်းက ကျွန်တော့ အကိုဝမ်းကွဲတစ်ယောက် ဒူးယားသားဆိုတော့ ရောက်ဘူးပြီးသား။ အဲဒီက ဟောကျုတာ ဆရာ ဦးမြင့်ကြွယ်ဆိုတာ ကျွန်တော်နဲ့က ဟိုးတုန်းကတည်းက ခင်မင်ပြီးသား (ရိုးရိုးသားသား ခင်တာပါ အဲဒီတုန်းကတည်းက)။ ဘာလို့ ရှင်းပြနေရသလဲဆိုတော့ ကျွန်တော်တို့ရဲ့ ဆရာက ကျွန်တော်တို့ စက်မှုတက္ကသိုလ်မှာ အမေကြွယ်လို့ ကျော်ကြားသူတစ်ယောက်မို့ အဲဒီလို ရှင်းပြနေရတာ။ သူ့ကိုယ်သူ အမြဲကြွေးကျော်နေလေ့ရှိတာက တောင်ဘက်လှည်းတန်းကနေ မြောက်ပိုင်း အင်းစိန်အထိ ပိုင်သတဲ့ အမေ ပါတဲ့။
အဲဒီလိုနဲ့ပေါ့ဗျာ....
ပထမနှစ် အူကြောင်ကျား လို့ပြောရမယ့်အရွယ်မှာ ကျွန်တော်က အတတ်ပညာ အဌာရသ အပြည့်အစုံနဲ့ ရွှေကျောင်းတော်ကြီးကို ရောက်လာတယ်ပဲ ဆိုပါတော့။ ကျွန်တော်နဲ့ အခန်းဖော် ဖြစ်မယ့် ငတိက ဖြူးမှာတုန်းက အတန်းဖော် ၀ဏ္ဏကျော်.. သူက အဆောင်ရပေမယ့် လာမနေတော့ ကျွန်တော်က တစ်ယောက်ခန်းလို အခန့်သားနေရတာပေါ့ဗျာ။
တစ်ယောက်ခန်းဆိုတော့ ဖဲရိုက်လည်း ကျွန်တော့အခန်း။ ဆေးချတော့လည်း ကျွန်တော့ အခန်း။ အရက်သောက်တော့လည်း ကျွန်တော့ အခန်း။ ပြောရရင် တော်တော် စည်တယ်ပေါ့ဗျာ။ ကျွန်တော်က အဖြူတော့ လုံးဝ မလုပ်ဘူးဗျ။ ကျွန်တော့် မျက်စေ့ရှေ့မှာ အဖြူစွဲပြီး ဒုက္ခရောက်ခဲ့တဲ့လူတွေကို အနီးကပ် တွေ့ဘူးခဲ့တော့ အဖြူကိုတော့ လုံးဝ ရှောင်တယ်။ ဆေးခြောက်ကိုတော့ စရောက်ရောက်ခြင်းလောက်ပဲ သုံးဖြစ်တယ်။ နောက်ပိုင်း မသုံးဖြစ်တော့ဘူး။ ကိုယ့်နယ် မဟုတ်တော့ ကြောက်တာလည်းပါတာပေါ့ဗျာ။ ပထမနှစ်မှာ ဆိုးချက်ကတော့ အဲဒီထက် ပိုတာတွေ ရှိပါသေးသပေါ့ဗျာ။ တစ်ချို့ဟာတွေတော့ ဆင်ဆာငြိတော့ ပြောလို့မရတဲ့အပိုင်းတွေပါတာပေါ့။
ဖိုးကေးလို့ခေါ်တဲ့ င၀န်နဒီ ပြောသလိုတွေပေါ့။
ဒူးယားဆောင်မှာ သတိအရဆုံးက ကျွန်တော်တို့ရဲ့ အဆောင်မှူး ဦးဝင်းမြင့်ဗျ။ ကျောင်းသားတွေအပေါ် သူ့ရဲ့ သားသမီး အရင်းလို ဆက်ဆံတာ။ သူ့မှာ သမီးလေး ၁၀ တန်း အရွယ်တစ်ယောက်ရှိတယ်။ ကျွန်တော်တို့ ကျောင်းသားတွေအတွက် မိန်းကလေး တစ်ယောက်ရှိတဲ့ ကျွန်တော်တို့ ဒူးယားက အင်မတန် မင်္ဂလာ ရှိပေါ့ဗျာ။ ကျွန်တော်တို့ တစ်ရက် အင်းယျားအဆောင်သူုလေးရယ်ကို ဖျက်ပြီး ဒူးယားအဆောင်သူလေးရယ် လို့ လုပ်ဆိုတော့ ဆရာ ဦးဝင်းမြင့်ခမျာ အဆောင်ပေါ်တက်လာပြီး တောင်းပန်ရှာတယ်။ ဟေ့ကောင်တွေ ငါ့သမီးကိုတော့ ချမ်းသာပေးပါကွာ တဲ့။
ဆရာဦးဝင်းမြင့်လည်း ဆုံးရှာပြီ။ ဆရာဦးမြင့်ကြွယ်လည်း ဆုံးရှာပါပြီ။ ဆရာတို့တတွေ ကောင်းရာသုဂတိ လားပါစေဗျာ။

ကျွန်တော်တို့ စက်မှုကျောင်းသားတွေရဲ့ စာကြိုးစားမှုကိုလည်း ပြောမှ ဖြစ်ဦးမှာပေါ့နော်။ ကျွန်တော်တို့ စက်မှုကျောင်းက ကျောင်းသားတွေ မအိပ်မနေ စာကြိုးစားကြတဲ့ တစ်ချိန်ရှိသဗျ။ အဲဒါကတော့ Private Study ပေးတဲ့အချိန်ပါပဲ။ တစ်နှစ်လုံး အလေတွေ လိုက်ကြပြီးမှ စာကြည့်ချိန်ပေးတဲ့ တစ်ပါတ် ၁၀ ရက်လောက်ကျတော့မှ တော်တော်များများက တွန်းကြတာပေါ့ဗျာ။ အဲဒီအချိန်ဆို စာကြည့်တိုက်ထဲမှာလည်း ကျွန်တော်တို့လို ကောင်တွေချည်းပဲပေါ့။ ည ည ဆိုရင်လည်း ဖဲရိုက်သံတွေ တိတ်၊ အရက်သောက် မူးတဲ့ကောင်လည်း ငြိမ်ပေါ့ဗျာ။ ဂစ်တာတီးချင်တဲ့ကောင်တောင် မတီးရဲဘူး အဲဒီအချိန်ဆို။ ဘေးခန်းက ဆရာ ငတိတွေက ပူညံပူညံ လုပ်မှာစိုးလို့။ ဂစ်တာကိုတောင် ပလပ်ကင်လေးပဲ တီးပြီး အာသာဖြေရတာ အဲဒီအချိန်ဆို။ ပြီးတော့ လူတွေအကုန်လုံးက စာအုပ်နဲ့ မျက်နှာနဲ့ မခွာတမ်းပေါ့။ အိမ်သာတက်ရင်တောင် စာအုပ်ကလေး ဂျိုင်းကြားညှပ်ပြီးတော့ သွားကြတာပေါ့။ အဲဒီလို ကြိုးစားကြတာ။

စာကြွင်း။ သူငယ်ချင်းတို့ မှတ်မိသမျှလေးတွေလည်း ဝေမျှကြပါဦး။ သိပ်လည်း အကုန်မမှတ်မိကြနဲ့နော်။
အိမ်က မိန်းမတွေ ဖတ်မိလို့ ကွာရှင်းစာချုပ်တွေမှာ လက်မှတ် ထိုးနေရမှာစိုးလို့။ ကျွန်တော်ကတော့ တစ်ချို့ဟာလေးတွေ မေ့ချင်ယောင် ဆောင်ထားတယ်ဗျ။ နောက် တစ်ခေါက်ကျရင်တော့ ကိုစာကလေး တို့နဲ့ စာကြိုးစားခဲ့တာလေးတွေ ထည့်ရေးပါဦးမယ်။

ခွဲခွာရမယ့် နေ့ရက်များ


ကျွန်တော် မသိခဲ့တဲ့ ကိုထူးအိမ်သင်ရဲ့ သီချင်းလေး တစ်ပုဒ်

Monday, February 13, 2012

သူငယ်ချင်း အချစ်ထက် ပိုချစ်ပါ

ကျွန်တော့ အသည်းစွဲ ကိုထူးအိမ်သင် ရဲ့ သီချင်းတစ်ပုဒ်....

Comparison of Whitney Houston and Htoo Aein Thin

I like both of this videos. But prefer our legend Htoo Aein Thin who is our Hero for ever.

Whitney Houston " I will always love you "



ထူးအိမ်သင် " ရင်ခွင်ပျောက်သူ "

ဒီနေ့ ဘာနေ့လဲ


ဒီနေ့ ဘာနေ့လဲဆိုတာကို ၁၈ နှစ်အရွယ် ကလေး တစ်ယောက်နဲ့ ၃၀ ကျော် အရွယ် လူရွယ်တစ်ယောက်ကို မေးဖြစ်တယ်။ ဘယ်သူ့မွေးနေ့လဲ ဆိုတာကို မေးခဲ့တာပါ။ နှစ်ယောက်စလုံး မဖြေနိုင်ခဲ့ကြဘူး။ အမှန်က မနေ့က မေးခဲ့တာပါ။ မနက်ဖြန် ဘယ်သူမွေးနေ့လဲဆိုတာ။ ဒီနေ့ကော ဘာနေ့လဲဆိုတာ မနေ့က မေးခဲ့တယ်။ မဖြေနိုင်ကြဘူး။ တော်တော် စိတ်မကောင်းစရာပါပဲ။

ဒါပေမယ့် ကျွန်တော်သာ မနက်ဖြန် ဘာနေ့လဲဆိုတာကို ဒီနေ့ မေးခဲ့ရင်တော့ သူတို့ ကောင်းကောင်း ဖြေနိုင်ကြမယ် ဆိုတာ သိတယ်။

တိုင်းပြည်အုပ်ချုပ်နေတဲ့ လူကြီးမင်းများ အခုလို တိုင်းပြည်ကို အုပ်ချုပ်ခွင့် လွတ်လွတ်လပ်လပ်ရနေအောင် ဘယ်သူက အဓိက လုပ်ဆောင်ပေးခဲ့သလဲဆိုတာ ပွင့်ပွင့်လင်းလင်း မြင်သင့်၊ သိသင့်ပါပြီ။

တိုင်းပြည်ရဲ့ အနာဂါတ် တေဇ လူငယ်လေးတွေကို ဘယ်နေရာမှာ အတုယူသင့်သလဲဆိုတာရယ်၊ တိုင်းပြည်ချစ်စိတ်ကို ဘယ်လိုဖော်ဆောင်မလဲဆိုတာရယ်၊ တိုင်းပြည်ရဲ့ ကျေးဇူးရှင်ဟာ ဘယ်သူ ဖြစ်ခဲ့သလဲဆိုတာရယ်ကို ဘက်လိုက်မှု ကင်းရှင်းစွာနဲ့ ပြန်လည် ဖော်ကျုးသင့်ပါပြီ။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် ပါတီ နိုင်ငံရေးကို စိတ်မ၀င်းစားပါဘူး။ ဒါပေမယ့် တိုင်းပြည် နိုင်ငံရေးကိုတော့ အထူးတလည် စိတ်ဝင်စားပါတယ်။ ဘယ်သူတွေပဲ တက်ပြီး အုပ်ချုပ်အုပ်ချုပ် တိုင်းပြည်ကောင်းစားရေးကို ဖော်ဆောင်နိုင်ရင် ကျွန်တော် ၀မ်းမြောက်ပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်ပြီး " င " လေးလုံးကိုပဲ ဖော်ဆောင်နိုင်စွမ်းခဲ့သော တိုင်းပြည်ရဲ့ ကယ်တင်ရှင် ဆိုသူများကိုတော့ စက်ဆုပ်ပါတယ်။

ဒီနေ့လို နေ့မျိုးကိုတော့ ကလေးငယ်တွေ မမေ့သင့်အောင် သူတို့တွေရဲ့ အတွေးအခေါ်ထဲ တစ်ခုခု ၀င်အောင် လုပ်ပေးသင့်ပါတယ်။

ဗိုလ်ချုပ်ကို ချစ်သော
သက်ဝင်း

Friday, February 10, 2012

သန်းခေါင်ယံအတွေး



ညတစ်ညလို့ပြောပေမယ့်
ညတိုင်းပါပဲ
သန်းခေါင်ကျော်မှသာ
ဒါ ငါ့အတွက်လို့ ရေရွတ်
မျက်စေ့ကို စွတ်မှိတ်ခဲ့ရတာပဲလေ။

လူတကာတွေ မြူးနေချိန်မှာတဲ့
ငါ့ဘ၀က အမှောင်ထုရဲ့အောက်မှာ
မျက်ရည်လည်လည်တဲ့
ကိုထီး...
ခင်ဗျားကြီး ကျုပ်ကို စောင်းဆိုနေတာလားဗျာ။

စကားတစ်လုံး
ဒီအသုံးအနှုန်းကတော့
မင်းအတွက်... ပုံမှန်
ငါ့အတွက်တော့ ဗုံးဆံ ထိသလိုပဲ
မယဉ်ကျေးတဲ့ လူတွေရဲ့ကြားမှာ
ငါဟာလည်း အရိုင်းဆန်နေပြန်တာပေါ့။

သံသရာ အဆုံးထိ မတိုင်ပါဘူး
ဒီကဏ္ဍလေးသာ အဆုံးသတ်ပေးပါ
ရင်ဘတ်ထဲမှာ နှလုံးသားအတုတပ်
ဟန်ဆောင် မျက်နှာဖုံးလေးနဲ့
ဒီနွေကို ကျော်ဖြတ်ခွင့် ပြုပါ။

မိုးတွေ ရွာတဲ့အချိန်
ထီးကိုလည်း မဆောင်
ဆောင်းလေ့လည်း မရှိတဲ့ငါ
မိုးနဲ့အတူ မျက်ရည်တွေ ရွာချလိုက်ရင်
အပြင်လူတွေ မသိလောက်ပါဘူး
ဆောင်းတွင်းမှာ အခန်းအောင်းပြီး
မီးရောင်သာ ပိတ်ထား
ငါ့အနားမှာ ဘယ်သူမှ မရှိတဲ့အချိန်
နှင်းပုလဲခတာ ဘယ်သူ သိမှာလဲ။

Sex နဲ့ Lust သာ ကမ္ဘာလို့ထင်နေသလား
အသွေးအသားတွေ နဲ့ ထုလုပ်ထားတယ်တဲ့လား
နှလုံးအတုက စီးကျလာတဲ့ သွေးထဲမှာ
ငါ မေတ္တာတွေ အပြည့်အသိပ်ထည့်ထားတယ်
မင်း တစ်ခါလောက် သောက်သုံးကြည့်
စကားလုံးတွေနဲ့တော့ မရိပါနဲ့။

ရွှေလသာသော ည
ကောင်းကင်မှာ တွေ့နေရတာ
အမိုက်တိုက်....
အမှောင်တွေနဲ့ လ
မင်းယှဉ်ကြည့်ပါ
လ ကို တွေ့လား
ည ကို တွေ့လား
ဒါမှ မဟုတ် မင်း အမှောင်ကိုပဲ
တမ်းတပြီး မြင်နေတုန်းလား။

၁၀ တန်း ဒုတိယ နှစ်


ငယ်ငယ်တုန်းက အကြောင်းတွေ မရေးခင်မှာ ၁၀ တန်း ဒုတိယနှစ် အကြောင်းပဲ ရေးဦးမယ်။ သည်းခံပြီးတော့သာ အားပေးကြပါ။

၁၀ တန်း ဒုတိယနှစ်၊ ၁၉၈၉-၉၀ ပေါ့။ အဖေက ဖြူးမြို့ကို မြို့နယ် ရဲတပ်ဖွဲ့မှူုးအနေနဲ့ ပြောင်းရတယ်။
ဖြူးမှာ အထက်တန်းကျောင်းက နှစ်ကျောင်းပဲ ရှိတော့ အိမ်နဲ့ နီးတဲ့ အထက(၁) ကို အဖေက လိုက်အပ်ပေးတယ်။
ဒါပေမယ့် ကျွန်တော် အဲဒီအချိန်တုန်းက ကျောင်းကို မတက်ချင်တော့ဘူး၊ အပြင်ကပဲ ဖြေချင်တာ။ အဖေက အတင်းပြောလို့ ကျောင်းတွေဖွင့်ပြီး သုံးလ လောက်နေမှ တက်ဖြစ်တယ်။
ပထမဆုံး ကျောင်းသွားအပ်တော့ ကျောင်းအုပ်ဆရာကြီးဆီ အဖေက သေသေချာချာ လိုက်အပ်ပေးတယ်။
ဆရာကြီးက ကျွန်တော့ ပညာရေး နောက်ကြောင်းရာဇ၀င်ကို အဖေ့ဆီက ကြားတော့ A ခန်းမှာ ထားပေးမယ်ဆိုပြီး အဖေ့ကို ပြောလိုက်ပြီး ကျွန်တော့ကို ထားခဲ့ဖို့ ပြောတော့ အဖေက ပြန်သွားတာပေါ့။
ဒီလိုနဲ့ ဆရာကြီးက ဆရာမ တစ်ယောက်နဲ့ ကျွန်တော့ကို အခန်း သွားခိုင်းတယ်။ A ခန်းက အတန်းပိုင်ဆရာမက သူ့အခန်းက လူတော်တွေကို သေချာ ရွေးပြီးထားထားတာ နှစ်ကျကို လက်မခံနိုင်ပါဘူး ဆိုပြီး ငြင်းလွှတ်တော့ ကျွန်တော့ကို အဲဒီဆရာမက အခန်း B ကို ထပ်ပြီး လိုက်အပ်တယ်။ B အခန်းက အတန်းပိုင်ဆရာမက သူ့ဆီမှာ နေရာလွတ် မရှိတော့ဘူးဆိုပြီး ထပ်ငြင်းလွှတ်တော့ အခန်း C ကို ထပ်သွားအပ်ရပြန်တယ်။ အဲဒီအတန်းပိုင်ဆရာမက တစ်ခါ သူ့အခန်းမှာလည်း နေရာလွတ် မရှိပါဘူးဆိုပြီး ထပ် ငြင်းလွှတ်တော့ ကျွန်တော် တော်တော် ပေါက်ကွဲသွားပြီး တော်ပြီ ကျွန်တော် အိမ်ပဲ ပြန်တော့မယ်ဆိုပြီး ပြောတော့ လိုက်အပ်ပေးနေတဲ့ ဆရာမက ဆရာကြီးဆီ တစ်ခါပြန်ခေါ်သွားတာပေါ့နော်။
ဆရာကြီးကလည်း မရဘူး ဒါဆိုရင် အခန်း B မှာ ခုံတစ်ခုံ စီစဉ်ပေးလိုက်ဆိုပြီး ပြောလွှတ်လိုက်တော့ အောင့်သည်းအောင့်သက်နဲ့ အခန်း ဘီ ကို ကျွန်တော် ရောက်သွားပြန်ပါရော။ ဆရာမက ကိုယ့်ခုံကို ကိုယ်သယ်ဆိုပြီး အတန်းရဲ့ နောက်ဆုံး ဘယ်သူမှ မရှိတဲ့နေရာမှာ နေရာချလိုက်တယ်။
အဲဒီမှာ ကျွန်တော့အတွက် ဆိုးဖော်ဆိုးဖက် ဆိုရမယ့် သူငယ်ချင်း ခင်မောင်လွင် နဲ့ နီးစပ်သွားတော့တာပါပဲ။
ဒီကောင်နဲ့ ကျွန်တော်နဲ့ က အသက်လည်း သိပ်မကွာဘူး ကျွန်တော်ထင်တယ် အဲဒီတုန်းက အဲဒီကျောင်းမှာ ကျွန်တော်က ဒုတိယ အသက်အကြီးဆုံး၊ ခင်မောင်လွင်က တတိယ အကြီးဆုံးထင်တယ်။
ကျွန်တော်တို့ ဆိုးချက်ကတော့ ဆရာမတွေက အချိန်ပို ခေါ်သင်တယ်။ ထမင်းစားချိန် ခဏပေးတဲ့အချိန်မှာ ကျောင်းအုတ်တံတိုင်းကို ကျော်ပြီး ကျွန်တော်နဲ့ ခင်မောင်လွင်က ထန်းရည် သွားသောက်တယ်။ ပြီးရင် ခပ်တည်တည်နဲ့ ကျောင်းမှာ စာ ဆက်သင်တယ်။
ဒီလိုနဲ့ ဆရာမတွေက သင်္ချာဘာသာရပ်ကို အမှတ် ၃၀ နဲ့ စာစစ်တယ်။ ကျွန်တော်က အဲဒီတုန်းက ကျောင်းရောက်တာ တစ်လ မပြည့်သေးဘူး။ ပြောရရင် စာကို ကောင်းကောင်း မသင်ရသေးဘူး။ ဒါပေမယ့် ကျွန်တော် အမှတ်အများဆုံး ၂၉ မှတ် ရတယ်။
ဆရာမတွေက သိပ် အလေးမထားသေးဘူး။ ဒီကောင် စွတ်ရမ်း ဖြေရင်း ကြက်ကန်းဆန်အိုးတိုးတယ်ပေါ့။
နောက်တစ်ပါတ်ခြားတဲ့အချိန် ဇီဝ ထပ်စစ်တယ်။
အဲဒီမှာလည်း အမှတ်အများဆုံး ၂၈ မှတ် ကို ကျွန်တော်ပဲ ရတယ်။ အဲဒီမှာ ဆရာ/ဆရာမတွေ နည်းနည်း သတိထားမိကြတာပေါ့လေ ဒီဆရာကြီးကို ... ဟဲဟဲ..

နောက် ၁၀ တန်း နှစ်ကျတွေကို အမှတ် စာရင်း ထုတ်တော့ ကျွန်တော့ နာမည်ပါ ထည့်ပေးလိုက်တယ်။
အဲဒီမှာ ကျွန်တော် သိလိုက်တာက ပြီးခဲ့တဲ့နှစ်က ကျွန်တော် မြန်မာစာနဲ့ သင်္ချာ ဂုဏ်ထူးနှစ်ခုနဲ့ ကျွန်တော်ဖြေခဲ့တဲ့ ဘူးသီးတောင် မြို့နယ်မှာ အမှတ်အများဆုံးဆိုတာ တွေ့လိုက်ရတာ။ ကျွန်တော် ဟန်တောင် မဆောင်နိုင်ဘူး မျက်ရည်တွေကျပြီး ရှိုက်ကြီးတငင် ငိုလိုက်ရတာ... ဆရာ/ဆရာမတွေကလည်း သနားလို့ပေါ့ ကျွန်တော့ကို။ ( သနားပါတယ်နော် )...

အဲဒီမှာ ဇီဝဗေဒ ဆရာမ ( ကျွန်တော့ရဲ့ မိခင် လိုပဲ ကျွန်တော့ကို တော်တော်ချစ်တာ ) က သေသေချာချာ ထိန်းကျောင်းတာပဲ။ ကျွန်တော်က ၁၀ တန်းကျတာ ဓါတု လို့အောက်မေ့တာ ဇီဝဗေဒကို ၃၆ မှတ်နဲ့ ကျသွားတာလေ။ အဲဒီတုန်းက အိပ်ရေးတွေ မ၀လို့ စာတွေက ၂ ကြောင်းရေး ၂ ကြောင်းမေ့တွေ ဖြစ်ကုန်တာ။

ကျွန်တော် ဖြူးမှာတုန်းက ထန်းရည်လည်း ကောင်းကောင်း သောက်တတ်သွားတယ်။ တောအရက်ဆိုလည်း ချတာပဲ။ ဆေးခြောက်ဆိုလည်း တော်တော် ကြိုက်တာ အဲဒီတုန်းက။ ကောင်မလေးတွေနဲ့တော့ မရှုပ်ဘူးဗျ။ အဲဒီတုန်းက ဘယ်သူ့ကိုမှ စိတ်မ၀င်စားတာ။ ကျွန်တော့ကို ခင်ခင်မင်မင် ရှိရှာလေတဲ့ ကေခိုင်မြင့်ဆိုတဲ့ ကောင်မလေး တစ်ယောက်တော့ ရှိတယ်။ ဒါပေမယ့် ကျောင်းမှာ စကားတောင် ၅ မိနစ် ပြည့်အောင် မပြောဖူးဘူး။ ( အဲဒီကောင်မလေးနဲ့ တက္ကသိုလ် တတိယနှစ်မှာ ပြန်ဆုံတော့ ကျွန်တော့ ရည်းစားဖြစ်သွားရှာတယ်...... အခုတော့ ..............ဟဲဟဲ ကျွန်တော့ မိန်းမ ဖြစ်နေပြီ )

ကျွန်တော်တို့ ဆေးခြောက်ချတုန်းက မှတ်မှတ်ရရ ဖြူးရဲ့ တစ်ဘက်ကမ်း ၀ဲဒေါင့်ဆိုတာရှိတယ်။ ဖြူးမြို့အစွန်မှာပေါ့။ အဲဒီမှာ ဆေးခြောက်ပြဲပြဲနဲ့ အကြော်သွားစားတော့ မီးရထားသံလမ်းကို စားပွဲခွပြီး ထိုင်စားကြတာ။ ရထားကြီးက ကိုယ့်ဆီလာနေတာကို အားလုံးက တဟားဟားနဲ့ ရယ်ပြီး ကြည့်နေကြတာ။ နောက်မှ ဘေးက လူတွေက ၀ိုင်းအော်ကြလို့ ဆင်းပြေးကြတာ ရထားသံလမ်းပေါ်ကနေ။ နောက်မှ အမူးပြေမှ ပြန်စဉ်းစားကြည့်တော့ တော်တော် မိုက်ကြတာပဲပေါ့လေ။ ရထားကြီးကတော့ စားပွဲကြီးကို ကြိတ်သွားတော့ လျော်လိုက်ရသေးတယ် စားပွဲဖိုး။ ( :D )

ဒါပေမယ့် ကျွန်တော် ဘယ်လောက် ဆိုးဆိုး စာကိုတော့ မှန်မှန်လုပ်ခဲ့တာ။ အိမ်စာလည်း မလစ်ဟင်းဘူး။ ဇီဝကိုလည်း တစ်ရက် တစ်ပုဒ်နှုန်းနဲ့ ကျက်သွားလိုက်တာ။ စာမေးပွဲတွေ ဖြေတော့ သူများတွေ စာအုပ်နဲ့ မျက်နှာနဲ့ မခွာ စာမေးပွဲအခန်းထဲထိ ဖတ်နေမလား မှတ်ရတဲ့ အချိန် ကျွန်တော် ဟေမာနေ၀င်းရဲ့ " မောင် ... ဘယ်လို ဖြေဖြေ မရတော့ဘူး " ဆိုတဲ့ သီချင်းကို ကောင်မလေးတွေ အနား သွားသွားဆိုပြီး စ လို့ကောင်းနေတာပေါ့။

အဲဒီနှစ်မှာ ကျွန်တော် ဂုဏ်ထူး ၃ ဘာသာ နဲ့ မြို့နယ် ပထမ ဆုကို အောင်အောင် မြင်မြင် ရရှိခဲ့တယ်။

Thursday, February 9, 2012

အလယ်ပိုင်းကာလ


စာမရေးဖြစ်တာလည်း နည်းနည်းတော့ ကြာသွားတော့ ရေးရမှာ တော်တော်ပျင်းလာတယ်။
ရေးစရာတွေကတော့ အများသား။
ဘယ်က စလို့ ဘာကို ရေးရမှန်းလည်း မဆုံးဖြတ်နိုင်ဘူး ဖြစ်နေတယ်။
ကိုယ်ပိုင် ဆင်ဆာ နဲ့ ငြိနေတာက များနေတော့။
အင်း ...
တစ်ခုခုတော့ ရေးမှာပေါ့နော်။
ဟိုးတုန်းကတဲ့...
အလွန်ရိုးသား ဖြူစင်တဲ့ ကောင်လေး တစ်ယောက်ရှိတယ်တဲ့။ စာကိုပဲ ကြိုးစားပြီးတော့ ကျန်တာတွေဆို ဘာကိုမှ စိတ်မ၀င်စားဘူးတဲ့။
သူ့နာမည်ကတော့ အားလုံးသိကြတဲ့အတိုင်း မောင်သက်ဝင်း လို့ ခေါ်သတဲ့။
သူ့ဘ၀မှာ အကြီးကျယ်ဆုံးပြောင်းလဲသွားတာက သူ့ရဲ့ ၁၀ တန်း စာမေးပွဲကို ကျရှုံးတဲ့အချိန်ပဲတဲ့။ သူ့ဘ၀မှာ ပထမဆုံး ကျရှုံးခြင်းလည်း ဖြစ်တယ်တဲ့။
အဓိက ကျရှုံးရတာက ၀ီရိယ လွန်ကဲမှုကြောင့် ပေါ့။ စာတွေကို အိပ်ချိန်နည်းနည်းပဲ ထားပြီး ကျက်လိုက်တာ ၁၀ တန်းကို ဂုဏ်ထူး ၂ ဘာသာ၊ မြို့နယ်မှာ အမှတ်အများဆုံးနဲ့ ကျရှုံးသတဲ့လေ။
အဲဒီမှာ ကောင်လေးက ပေါက်ကွဲပြီး ၁၀ တန်း ဒုတိယနှစ်မှာ အင်မတန် တေလေပြီးတော့ ဆိုးသွမ်းခဲ့တယ်တဲ့။ ဒါပေမယ့် ပထမနှစ်မှာ ပါရမီ ပြည့်ခဲ့တော့ စာမေးပွဲမှာ မြို့နယ် ပထမ အဆင့်အနေနဲ့ပဲ အောင်မြင်ခဲ့သတဲ့။
ကောင်လေးက သူဝါသနာပါတဲ့ စက်မှုတက္ကသိုလ်ကို ရွေးချယ်မှု အဆင့် ပထမ နဲ့ ဒုတိယတွေ တတိယတွေ မထားပဲ လျှောက်ထားပြီး အဲဒီ စွယ်တော်တွေနဲ့ လှပတဲ့ အင်းစိန် ကြို့ကုန်း က စက်မှုတက္ကသိုလ်ကြီးဆီမှာ ပညာ သင်ကြားခဲ့သတဲ့။ ဒါပေမယ့် အဲဒီကျောင်းမှာ သူနာမည် ကျော်တာကတော့ ဖဲအလွန်ရိုက်တဲ့သူဆိုပြီး ကျော်ကြားသတဲ့။ အရက်သောက် ရန်ဖြစ် အဆောင်ရှေ့မှာ မူးမူးနဲ့ သီချင်းသွားအော်ဆို။ အဆောင်မှုးတွေလိုက်ရင် အဆောင်တွေကို ပတ်ပြီးပြေး... အဲဒီလိုနဲ့ပဲ စက်မှုတက္ကသိုလ်ကနေ ဘွဲ့တစ်ခု ရလာခဲ့တာပေါ့လေ။
အခုတော့ သားကျွေးမှု မယားကျွေးမှုတွေနဲ့ ကျွန်းနိုင်ငံ သေးသေးလေးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ ကုမ္ပဏ္ဏီ သေးသေး တစ်ခုမှာ အလုပ်လုပ်နေရှာသတဲ့။
ဒါပေမယ့် အဲဒီကျွန်းမှာလည်း သူဟာ မလိမ္မာသေးပဲနဲ့ မိုက်တုန်း ရှိနေသေးသတဲ့။

အင်း ဒီလောက်ဆိုရင် နည်းနည်းတော့ အားသာပြေ ရေးဖြစ်သွားတာပေါ့နော်။
နောက်ကြုံမှပဲ သမီးစံ ရဲ့ တပ်ဂ် ငယ်ငယ်တုန်းက အမှတ်တရလေးတွေ ထပ်ရေးပါဦးမယ်။
ချစ်ခင်စွာဖြင့်.....

Thursday, February 2, 2012

ခွန်အားဖြည့်


စာရေးဖို့ကို လက်မှာလည်း အားမရှိဘူး
နှလုံးသားကလည်း ခွင့်မပြုဘူး
ဥဏှောက်ကလည်း မတွေးနိုင်တော့ဘူး

အရုပ်ကြိုးပြတ်.....တဲ့

ငါကြိုက်တာက Celine Dion ရဲ့ Lonely
Akon ရဲ့ Lonely နဲ့ အပြိုင်ပေါ့
ဖြစ်နေတာကလည်း တစ်ယောက်တည်း
နိမိတ်တွေအပြည့်နဲ့ သီချင်းတွေပဲ
ငါလေ ရူးသွပ်ခဲ့
ညီထွဋ်ကတော့ ပြောရှာသား
မင်းတစ်ယောက်တည်း မဟုတ်ဘူး တဲ့
ဒါပေမယ့် ငါ မယုံနိုင်ပါဘူးလေ

ကိုငှက်ရဲ့ အမေ့အိမ်ကိုလည်း
ငါမှ မပြန်နိုင်တော့တာ
တွေဝေနေခဲ့တာကိုက အမှားများနဲ့ပေါ့
Good Bye လို့ မပြောခင်မှာ
နှလုံးသားရဲ့ အသံကို နားဆင်ကြည့်
ငါဟာ တကယ်ကိုပဲ
အညံ့ပန်းဘ၀နဲ့ပဲ ထိုက်တန်ခဲ့သလား
ဒီကြိုးကို ဖြတ်ဖို့ ခွန်းအားတစ်ခု ဖြည့်ပေးခဲ့ပါ။