Friday, February 10, 2012

သန်းခေါင်ယံအတွေး



ညတစ်ညလို့ပြောပေမယ့်
ညတိုင်းပါပဲ
သန်းခေါင်ကျော်မှသာ
ဒါ ငါ့အတွက်လို့ ရေရွတ်
မျက်စေ့ကို စွတ်မှိတ်ခဲ့ရတာပဲလေ။

လူတကာတွေ မြူးနေချိန်မှာတဲ့
ငါ့ဘ၀က အမှောင်ထုရဲ့အောက်မှာ
မျက်ရည်လည်လည်တဲ့
ကိုထီး...
ခင်ဗျားကြီး ကျုပ်ကို စောင်းဆိုနေတာလားဗျာ။

စကားတစ်လုံး
ဒီအသုံးအနှုန်းကတော့
မင်းအတွက်... ပုံမှန်
ငါ့အတွက်တော့ ဗုံးဆံ ထိသလိုပဲ
မယဉ်ကျေးတဲ့ လူတွေရဲ့ကြားမှာ
ငါဟာလည်း အရိုင်းဆန်နေပြန်တာပေါ့။

သံသရာ အဆုံးထိ မတိုင်ပါဘူး
ဒီကဏ္ဍလေးသာ အဆုံးသတ်ပေးပါ
ရင်ဘတ်ထဲမှာ နှလုံးသားအတုတပ်
ဟန်ဆောင် မျက်နှာဖုံးလေးနဲ့
ဒီနွေကို ကျော်ဖြတ်ခွင့် ပြုပါ။

မိုးတွေ ရွာတဲ့အချိန်
ထီးကိုလည်း မဆောင်
ဆောင်းလေ့လည်း မရှိတဲ့ငါ
မိုးနဲ့အတူ မျက်ရည်တွေ ရွာချလိုက်ရင်
အပြင်လူတွေ မသိလောက်ပါဘူး
ဆောင်းတွင်းမှာ အခန်းအောင်းပြီး
မီးရောင်သာ ပိတ်ထား
ငါ့အနားမှာ ဘယ်သူမှ မရှိတဲ့အချိန်
နှင်းပုလဲခတာ ဘယ်သူ သိမှာလဲ။

Sex နဲ့ Lust သာ ကမ္ဘာလို့ထင်နေသလား
အသွေးအသားတွေ နဲ့ ထုလုပ်ထားတယ်တဲ့လား
နှလုံးအတုက စီးကျလာတဲ့ သွေးထဲမှာ
ငါ မေတ္တာတွေ အပြည့်အသိပ်ထည့်ထားတယ်
မင်း တစ်ခါလောက် သောက်သုံးကြည့်
စကားလုံးတွေနဲ့တော့ မရိပါနဲ့။

ရွှေလသာသော ည
ကောင်းကင်မှာ တွေ့နေရတာ
အမိုက်တိုက်....
အမှောင်တွေနဲ့ လ
မင်းယှဉ်ကြည့်ပါ
လ ကို တွေ့လား
ည ကို တွေ့လား
ဒါမှ မဟုတ် မင်း အမှောင်ကိုပဲ
တမ်းတပြီး မြင်နေတုန်းလား။

2 comments:

  1. သက်ဝင်း ရေ ညကို မညစ် စေပါနဲ့  ...ညစ်တာတွေ ည ကို ပေးမိသလိုများ ဖြစ်နေ သလားလို့ ...

    ညကို ည လို ဆက်ဆံလိုက်ရင် အဆင်ပြေ စိတ်အေးသွားမှာပါ...

    ည က အိပ်ဖို့ ပဲ လောကမှာရှိတာလေ...အတွေးတွေ ည ကို ပေးမိရင် တွေးရင်းတွေးရင်း မိုးလင်းသွားလိမ့်မယ်...ညပျောက် မှာစိုးလို့ ပါ..

    ReplyDelete
  2. ညကတော့ မညစ်ဘူးကွ။ ညက သူ့ဟာသူ ည လို လှပပြီးသား။ အဲဒီညရဲ့ အလှကိုပဲ မက်မက်မောမော နေခဲ့တာကိုက အမှားပဲလေ။ ငယ်ငယ်လေးကတည်းက ညမှာ ပျော်ခဲ့တာကိုး။ လသာတဲ့ညဆိုရင်လည်း လကို ကြည့်ပြီး ယစ်မူးတတ်တယ်။ လမိုက်တဲ့ည ဆိုရင်လည်း အမှောင်ထဲမှာ တိတ်တဆိတ် နေရတာကို ကြိုက်တယ်။ စ လယ် ဆုံး ၃ ပါးလုံး ငြိနေတာက ဆိုးတာကွ။

    ReplyDelete