Thursday, December 29, 2011

တစ်ရေးတောင် နိုးလာပေါ့

တစ်ရေးတောင် နိုးလာပေါ့
အချိန်တော့ မသိ
အထီးကျန်ခြင်းတွေနဲ့ ငြိနေတဲ့ကိုယ်
ကဗျာဆိုတာလည်း
ကာရန်သာ မသိတာ
ဘာဘာညာညာတော့ တွေးဆဲ
ရေးနေမြဲ...
တစ်ရေးတောင် နိုးလာပေါ့
ဘ၀ အမောထဲမှာ
အရှိတရားနဲ့
အသိတားထားလို့
ပမာ အလား တွေ အပြည့်
သကာနဲ့ အခါးတွေ မွှေ
ဝေဒနာတွေသာ စူးနေဆဲ
ရူးနေမြဲ...
တစ်ရေးတောင် နိုးလာပေါ့
လင်းကြက်လား
သန်းခေါင်ကြက်လား
တွန်သံတော့ ကြားနေမိ
ခြောက်လှန့်အတွေးက
အိပ်မက်တင် မကဘူး
အပြင်မှာတောင် မူးနောက်နောက်ဖြစ်ရ
ဖောက်ပြန်တဲ့ စိတ်
ထောက်ခံတဲ့ စိတ်
ဒွိဟ နဲ့ ကြိတ်မှိတ်မျိုချ
အလိုမကျတဲ့ ဘ၀တစ်ခု
ထုဆစ်ခဲ့မိတဲ့ ရုပ်ထုအထဲက တဏှာ
အလွှာတွေများ ခြားနေလေရဲ့
အိပ်မက်ကို ပြန်ရလေမလား
ကိုယ် တစ်ခါလောက် ပြန်မက်ပါရစေ...
ဒီလိုနဲ့ ဘ၀ အတွေးထဲမှာ
အို....
တစ်ရေးတောင် နိုးလာပေါ့...

No comments:

Post a Comment