Friday, February 10, 2012

၁၀ တန်း ဒုတိယ နှစ်


ငယ်ငယ်တုန်းက အကြောင်းတွေ မရေးခင်မှာ ၁၀ တန်း ဒုတိယနှစ် အကြောင်းပဲ ရေးဦးမယ်။ သည်းခံပြီးတော့သာ အားပေးကြပါ။

၁၀ တန်း ဒုတိယနှစ်၊ ၁၉၈၉-၉၀ ပေါ့။ အဖေက ဖြူးမြို့ကို မြို့နယ် ရဲတပ်ဖွဲ့မှူုးအနေနဲ့ ပြောင်းရတယ်။
ဖြူးမှာ အထက်တန်းကျောင်းက နှစ်ကျောင်းပဲ ရှိတော့ အိမ်နဲ့ နီးတဲ့ အထက(၁) ကို အဖေက လိုက်အပ်ပေးတယ်။
ဒါပေမယ့် ကျွန်တော် အဲဒီအချိန်တုန်းက ကျောင်းကို မတက်ချင်တော့ဘူး၊ အပြင်ကပဲ ဖြေချင်တာ။ အဖေက အတင်းပြောလို့ ကျောင်းတွေဖွင့်ပြီး သုံးလ လောက်နေမှ တက်ဖြစ်တယ်။
ပထမဆုံး ကျောင်းသွားအပ်တော့ ကျောင်းအုပ်ဆရာကြီးဆီ အဖေက သေသေချာချာ လိုက်အပ်ပေးတယ်။
ဆရာကြီးက ကျွန်တော့ ပညာရေး နောက်ကြောင်းရာဇ၀င်ကို အဖေ့ဆီက ကြားတော့ A ခန်းမှာ ထားပေးမယ်ဆိုပြီး အဖေ့ကို ပြောလိုက်ပြီး ကျွန်တော့ကို ထားခဲ့ဖို့ ပြောတော့ အဖေက ပြန်သွားတာပေါ့။
ဒီလိုနဲ့ ဆရာကြီးက ဆရာမ တစ်ယောက်နဲ့ ကျွန်တော့ကို အခန်း သွားခိုင်းတယ်။ A ခန်းက အတန်းပိုင်ဆရာမက သူ့အခန်းက လူတော်တွေကို သေချာ ရွေးပြီးထားထားတာ နှစ်ကျကို လက်မခံနိုင်ပါဘူး ဆိုပြီး ငြင်းလွှတ်တော့ ကျွန်တော့ကို အဲဒီဆရာမက အခန်း B ကို ထပ်ပြီး လိုက်အပ်တယ်။ B အခန်းက အတန်းပိုင်ဆရာမက သူ့ဆီမှာ နေရာလွတ် မရှိတော့ဘူးဆိုပြီး ထပ်ငြင်းလွှတ်တော့ အခန်း C ကို ထပ်သွားအပ်ရပြန်တယ်။ အဲဒီအတန်းပိုင်ဆရာမက တစ်ခါ သူ့အခန်းမှာလည်း နေရာလွတ် မရှိပါဘူးဆိုပြီး ထပ် ငြင်းလွှတ်တော့ ကျွန်တော် တော်တော် ပေါက်ကွဲသွားပြီး တော်ပြီ ကျွန်တော် အိမ်ပဲ ပြန်တော့မယ်ဆိုပြီး ပြောတော့ လိုက်အပ်ပေးနေတဲ့ ဆရာမက ဆရာကြီးဆီ တစ်ခါပြန်ခေါ်သွားတာပေါ့နော်။
ဆရာကြီးကလည်း မရဘူး ဒါဆိုရင် အခန်း B မှာ ခုံတစ်ခုံ စီစဉ်ပေးလိုက်ဆိုပြီး ပြောလွှတ်လိုက်တော့ အောင့်သည်းအောင့်သက်နဲ့ အခန်း ဘီ ကို ကျွန်တော် ရောက်သွားပြန်ပါရော။ ဆရာမက ကိုယ့်ခုံကို ကိုယ်သယ်ဆိုပြီး အတန်းရဲ့ နောက်ဆုံး ဘယ်သူမှ မရှိတဲ့နေရာမှာ နေရာချလိုက်တယ်။
အဲဒီမှာ ကျွန်တော့အတွက် ဆိုးဖော်ဆိုးဖက် ဆိုရမယ့် သူငယ်ချင်း ခင်မောင်လွင် နဲ့ နီးစပ်သွားတော့တာပါပဲ။
ဒီကောင်နဲ့ ကျွန်တော်နဲ့ က အသက်လည်း သိပ်မကွာဘူး ကျွန်တော်ထင်တယ် အဲဒီတုန်းက အဲဒီကျောင်းမှာ ကျွန်တော်က ဒုတိယ အသက်အကြီးဆုံး၊ ခင်မောင်လွင်က တတိယ အကြီးဆုံးထင်တယ်။
ကျွန်တော်တို့ ဆိုးချက်ကတော့ ဆရာမတွေက အချိန်ပို ခေါ်သင်တယ်။ ထမင်းစားချိန် ခဏပေးတဲ့အချိန်မှာ ကျောင်းအုတ်တံတိုင်းကို ကျော်ပြီး ကျွန်တော်နဲ့ ခင်မောင်လွင်က ထန်းရည် သွားသောက်တယ်။ ပြီးရင် ခပ်တည်တည်နဲ့ ကျောင်းမှာ စာ ဆက်သင်တယ်။
ဒီလိုနဲ့ ဆရာမတွေက သင်္ချာဘာသာရပ်ကို အမှတ် ၃၀ နဲ့ စာစစ်တယ်။ ကျွန်တော်က အဲဒီတုန်းက ကျောင်းရောက်တာ တစ်လ မပြည့်သေးဘူး။ ပြောရရင် စာကို ကောင်းကောင်း မသင်ရသေးဘူး။ ဒါပေမယ့် ကျွန်တော် အမှတ်အများဆုံး ၂၉ မှတ် ရတယ်။
ဆရာမတွေက သိပ် အလေးမထားသေးဘူး။ ဒီကောင် စွတ်ရမ်း ဖြေရင်း ကြက်ကန်းဆန်အိုးတိုးတယ်ပေါ့။
နောက်တစ်ပါတ်ခြားတဲ့အချိန် ဇီဝ ထပ်စစ်တယ်။
အဲဒီမှာလည်း အမှတ်အများဆုံး ၂၈ မှတ် ကို ကျွန်တော်ပဲ ရတယ်။ အဲဒီမှာ ဆရာ/ဆရာမတွေ နည်းနည်း သတိထားမိကြတာပေါ့လေ ဒီဆရာကြီးကို ... ဟဲဟဲ..

နောက် ၁၀ တန်း နှစ်ကျတွေကို အမှတ် စာရင်း ထုတ်တော့ ကျွန်တော့ နာမည်ပါ ထည့်ပေးလိုက်တယ်။
အဲဒီမှာ ကျွန်တော် သိလိုက်တာက ပြီးခဲ့တဲ့နှစ်က ကျွန်တော် မြန်မာစာနဲ့ သင်္ချာ ဂုဏ်ထူးနှစ်ခုနဲ့ ကျွန်တော်ဖြေခဲ့တဲ့ ဘူးသီးတောင် မြို့နယ်မှာ အမှတ်အများဆုံးဆိုတာ တွေ့လိုက်ရတာ။ ကျွန်တော် ဟန်တောင် မဆောင်နိုင်ဘူး မျက်ရည်တွေကျပြီး ရှိုက်ကြီးတငင် ငိုလိုက်ရတာ... ဆရာ/ဆရာမတွေကလည်း သနားလို့ပေါ့ ကျွန်တော့ကို။ ( သနားပါတယ်နော် )...

အဲဒီမှာ ဇီဝဗေဒ ဆရာမ ( ကျွန်တော့ရဲ့ မိခင် လိုပဲ ကျွန်တော့ကို တော်တော်ချစ်တာ ) က သေသေချာချာ ထိန်းကျောင်းတာပဲ။ ကျွန်တော်က ၁၀ တန်းကျတာ ဓါတု လို့အောက်မေ့တာ ဇီဝဗေဒကို ၃၆ မှတ်နဲ့ ကျသွားတာလေ။ အဲဒီတုန်းက အိပ်ရေးတွေ မ၀လို့ စာတွေက ၂ ကြောင်းရေး ၂ ကြောင်းမေ့တွေ ဖြစ်ကုန်တာ။

ကျွန်တော် ဖြူးမှာတုန်းက ထန်းရည်လည်း ကောင်းကောင်း သောက်တတ်သွားတယ်။ တောအရက်ဆိုလည်း ချတာပဲ။ ဆေးခြောက်ဆိုလည်း တော်တော် ကြိုက်တာ အဲဒီတုန်းက။ ကောင်မလေးတွေနဲ့တော့ မရှုပ်ဘူးဗျ။ အဲဒီတုန်းက ဘယ်သူ့ကိုမှ စိတ်မ၀င်စားတာ။ ကျွန်တော့ကို ခင်ခင်မင်မင် ရှိရှာလေတဲ့ ကေခိုင်မြင့်ဆိုတဲ့ ကောင်မလေး တစ်ယောက်တော့ ရှိတယ်။ ဒါပေမယ့် ကျောင်းမှာ စကားတောင် ၅ မိနစ် ပြည့်အောင် မပြောဖူးဘူး။ ( အဲဒီကောင်မလေးနဲ့ တက္ကသိုလ် တတိယနှစ်မှာ ပြန်ဆုံတော့ ကျွန်တော့ ရည်းစားဖြစ်သွားရှာတယ်...... အခုတော့ ..............ဟဲဟဲ ကျွန်တော့ မိန်းမ ဖြစ်နေပြီ )

ကျွန်တော်တို့ ဆေးခြောက်ချတုန်းက မှတ်မှတ်ရရ ဖြူးရဲ့ တစ်ဘက်ကမ်း ၀ဲဒေါင့်ဆိုတာရှိတယ်။ ဖြူးမြို့အစွန်မှာပေါ့။ အဲဒီမှာ ဆေးခြောက်ပြဲပြဲနဲ့ အကြော်သွားစားတော့ မီးရထားသံလမ်းကို စားပွဲခွပြီး ထိုင်စားကြတာ။ ရထားကြီးက ကိုယ့်ဆီလာနေတာကို အားလုံးက တဟားဟားနဲ့ ရယ်ပြီး ကြည့်နေကြတာ။ နောက်မှ ဘေးက လူတွေက ၀ိုင်းအော်ကြလို့ ဆင်းပြေးကြတာ ရထားသံလမ်းပေါ်ကနေ။ နောက်မှ အမူးပြေမှ ပြန်စဉ်းစားကြည့်တော့ တော်တော် မိုက်ကြတာပဲပေါ့လေ။ ရထားကြီးကတော့ စားပွဲကြီးကို ကြိတ်သွားတော့ လျော်လိုက်ရသေးတယ် စားပွဲဖိုး။ ( :D )

ဒါပေမယ့် ကျွန်တော် ဘယ်လောက် ဆိုးဆိုး စာကိုတော့ မှန်မှန်လုပ်ခဲ့တာ။ အိမ်စာလည်း မလစ်ဟင်းဘူး။ ဇီဝကိုလည်း တစ်ရက် တစ်ပုဒ်နှုန်းနဲ့ ကျက်သွားလိုက်တာ။ စာမေးပွဲတွေ ဖြေတော့ သူများတွေ စာအုပ်နဲ့ မျက်နှာနဲ့ မခွာ စာမေးပွဲအခန်းထဲထိ ဖတ်နေမလား မှတ်ရတဲ့ အချိန် ကျွန်တော် ဟေမာနေ၀င်းရဲ့ " မောင် ... ဘယ်လို ဖြေဖြေ မရတော့ဘူး " ဆိုတဲ့ သီချင်းကို ကောင်မလေးတွေ အနား သွားသွားဆိုပြီး စ လို့ကောင်းနေတာပေါ့။

အဲဒီနှစ်မှာ ကျွန်တော် ဂုဏ်ထူး ၃ ဘာသာ နဲ့ မြို့နယ် ပထမ ဆုကို အောင်အောင် မြင်မြင် ရရှိခဲ့တယ်။

2 comments:

  1. တော်သေးတာပေါ့ ဗျိုင်း မစီး ရေမငုပ်လာလို့ လေ...ရေငုပ်လို့ ကတော့ ခေါင်းဖော်မယ် မထင်ဘူး...

    ReplyDelete
  2. ဗျိုင်းကတော့ မကြိုက်တာလည်းပါတယ်ကွ။ ဗျိုင်းကြောင့် ဘ၀ ပျက်တာတွေလည်း မြင်ဘူးတာပါတာပေါ့ကွာ။ ရေကတော့ တစ်ခါတစ်လေ ငုပ်ခဲ့ဘူးတယ်။ ဒါပေမယ့် ပြီးခဲ့ပါပြီကွာ။ နောက်မှ ၁၀ တန်း ပထမနှစ် အမှတ်တရတွေရယ်၊ စက်မှုတက္ကသိုလ်ကျောင်းသားဘ၀တွေရယ် ကို ရေးပါဦးမယ်။

    ReplyDelete