Showing posts with label စိတ္တဇ ကဗျာ. Show all posts
Showing posts with label စိတ္တဇ ကဗျာ. Show all posts

Sunday, March 18, 2012

ကျွန်တော်မုန်းတဲ့ ည

ဒီလိုညကို ကျွန်တော်မုန်းတယ်.............
ကဗျာတစ်ခု ကောက်ရတယ်
အမှန်က ဒေါင့်ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ ဆုံမှတ်တစ်ခုမှာပေါ့
ပြိုင်မျဉ်းမဟုတ်ခဲ့တာကိုပဲ ကျေးဇူးတင်ရမှာပါ......
မျက်ဝန်းတွေရဲ့ကဗျာ
အဲဒီကဗျာရဲ့ မျက်ဝန်းမှာ
မျက်ရည်စတွေ သီဝေ့နေလေရဲ့
အဲဒါဟာ......
ရှာဖွေတွေ့ရှိမှု အဆုံးပေါ့
ရူးသွပ်မှု တစ်ခုရဲ့ နိဂုံးချုပ်ပါပဲ
ရင်ထဲမှာ ပျောက်နေတဲ့အရာတစ်ခု
ဖြတ်ကနဲပေါ်ပေမယ့် အချိန်တန်တဲ့အထိ မပျောက်ကွယ်နိုင်
သံသာလေ ကမ်းကို မတိုင်ပါဘူး
အလွမ်းကို ကြိုတင်ယူထားမိတာ အမှားတစ်ခုပေါ့။

သမင်မျက်ဝန်းတော့ မဟုတ်ပါဘူး
အကြင်နာရပ်ဝန်းတော့ ရှိခဲ့မှာပေါ့
တစ်စုံမဟုတ်တဲ့ တစ်ခုထဲသာ
အလွမ်းရဲ့ညမှာ..........

ညစဉ်တိုင်း ကြယ်တွေကို မရေနိုင်ပေမယ့်
ကြိုသိနေတဲ့ အနာဂါတ်ကို
နှလုံးသား တစ်စစီဖဲ့ရင်းနဲ့ တွက်နေခဲ့ပေါ့.....

ဒီလိုညကို ကျွန်တော်မုန်းတယ်........................

Thursday, February 2, 2012

ခွန်အားဖြည့်


စာရေးဖို့ကို လက်မှာလည်း အားမရှိဘူး
နှလုံးသားကလည်း ခွင့်မပြုဘူး
ဥဏှောက်ကလည်း မတွေးနိုင်တော့ဘူး

အရုပ်ကြိုးပြတ်.....တဲ့

ငါကြိုက်တာက Celine Dion ရဲ့ Lonely
Akon ရဲ့ Lonely နဲ့ အပြိုင်ပေါ့
ဖြစ်နေတာကလည်း တစ်ယောက်တည်း
နိမိတ်တွေအပြည့်နဲ့ သီချင်းတွေပဲ
ငါလေ ရူးသွပ်ခဲ့
ညီထွဋ်ကတော့ ပြောရှာသား
မင်းတစ်ယောက်တည်း မဟုတ်ဘူး တဲ့
ဒါပေမယ့် ငါ မယုံနိုင်ပါဘူးလေ

ကိုငှက်ရဲ့ အမေ့အိမ်ကိုလည်း
ငါမှ မပြန်နိုင်တော့တာ
တွေဝေနေခဲ့တာကိုက အမှားများနဲ့ပေါ့
Good Bye လို့ မပြောခင်မှာ
နှလုံးသားရဲ့ အသံကို နားဆင်ကြည့်
ငါဟာ တကယ်ကိုပဲ
အညံ့ပန်းဘ၀နဲ့ပဲ ထိုက်တန်ခဲ့သလား
ဒီကြိုးကို ဖြတ်ဖို့ ခွန်းအားတစ်ခု ဖြည့်ပေးခဲ့ပါ။

Friday, January 27, 2012

စိတ်ကျ ပန်းချီကား


အိပ်မရတဲ့ည သံသရာတွေ
ငါ့ဆီ တစ်ခါ ပြန်လာပြန်ပါပေါ့။

တစ်ခါတစ်ခါများ
စိတ်အစာတွေများ မကြေလို့လား
စိတ်ကြေဆေးလေး ပေးကြပါဦး
သန်းခေါင်ယံမှ သီတဲ့
ဥသြသံလည်း ငါ နားခါးတယ်
အိမ်ကိုပဲ လွမ်းနေတာလား
အရင်ဘ၀ကိုများ တမ်းတမိလေသလား
နတ်ဆိုးတစ်ကောင်ကိုများ အားကျပြန်လေသလား
လား ပေါင်းများစွာနဲ့
ည ပေါင်းများစွာကို ကျော်ဖြတ်
မနက် က တကယ် နေထွက်ခဲ့
ငါလည်း နွေနံနက်ခင်းရဲ့ အလှကို
မသိလိုက်ရဘူး
ငါ့ကဗျာတွေဟာလည်း တကယ်
မအပ်စပ်တော့ပါဘူး
ရောင်စဉ်တွေ ခုနှစ်ထွေမကတဲ့
သံသာလေ ကမ်းတိုင်လည်း
ငါ မညည်းနိုင်ပြန်
ငါ့ကို အိမ်ပြန်ပို့ကြပါဦး။

Thursday, January 26, 2012

ငါ အရှုံးပေးရတဲ့ ည


ဒီညကတော့
ငါ အရှုံးပေးရတဲ့ည...

အိပ်စက်နည်း မျိုးစုံကလည်း
ငါ့ကို အရှုံးပေးရတဲ့ည...

စာအုပ်တွေ ဖတ်ပါလားတဲ့
တစ်မျက်နှာပြီး တစ်မျက်နှာ
စာအုပ်သာ ပြီးဆုံး
ငါ လုံးလုံး အိပ်မရတဲ့ည...



တရားတွေ နာပါလားတဲ့
ဆရာတော်ကိုတော့ အားနာပါတယ်
ဒါပေမယ့် ကြိုးစားကြည့်တော့လည်း
တရားသာ ပြီးဆုံး
ငါ လုံးလုံး အိပ်မရတဲ့ည...

အရက်နဲ့ ဘီယာ
တွဲကာသာ ချ သူငယ်ချင်းတဲ့
ပုလင်းသာ လဲသွားတယ်
ငါ့မှာ ရင်တွေ ပူတုန်း
ငါ လုံးလုံး အိပ်မရတဲ့ည...

ဆေးလိပ် သောက်ပြီး အိပ်တဲ့
ဗူးတစ်ဝက်သာ ကျိုးသွားတယ်
ရင်မှာ ဗလောင်ဆူတုန်း
ငါ လုံးလုံး အိပ်မရတဲ့ည...

ဘယ်လို နတ်ဆိုးပါလိမ့်
ငါ့ရဲ့ အိပ်စက်ခြင်းကို သူ သိမ်းပိုက်
ငါ့ကို မှောင်မိုက်တဲ့ ညမှာ
သူ ပစ်ထားခဲ့တာပဲ
ငရဲ တစ်ပိုင်းဆိုတာကို
ည တိုင်းတော့ မကြုံချင်ဘူး
အိပ်ဖန်စောင့်နတ်ရေ
ငါ့ ကို ပစ်ခွာမပြေးဖို့
တောင်းပန် ပေးကြပါဦး
ဒီညလေးကိုတော့
ငါ့ အတွက် ချန်ထားပေးပါ။

အိပ်စက်ခြင်းမဲ့တဲ့ ည


အိပ်စက်ခြင်းတွေ
ဖန်တီးလို့မရတဲ့
ညတစ်ည.....

လ ကလည်း မသာ
ကြယ်ကလည်း ပျောက်
အရက်တွေ သောက်ပြီး
မညည်းပဲ အိပ်ကြည့်တယ်.....



ဆေးလိပ်တွေလည်း ဖွာ
တစ်လိပ်ပြီးတစ်လိပ်
ငါ့ရဲ့နိမိတ်တွေ ဖမ်းကြည့်တယ်
အတိတ်သာ ရှိတယ်
အနာဂတ်က ပျောက်
ပစ္စုပ္ပန်မှာ တစ်ထောက်နား
ငါ ခဏလောက် အိပ်ပါရစေ......

သီချင်းသံတွေလည်း
နားစည်မှာ တိုးမပေါက်
ယောက်ယက်ခပ်နေတဲ့
အတွေးစ ဝေဒနာ
ငါ ဘာနဲ့ ရှုရမှာလဲ
အတိတ်ကိုသာ တမ်းတမိတယ်.....

ဟိုးအရင် ငါ့ရဲ့ အတိတ်
မာနတွေ တံခွန်လိုထူပြီး
လူဆိုရင် ဗိုလ်မထားခဲ့တာ
ခုမှ ဘာလို့ ၀ဇီပိတ်
ကြိတ်လို့သာ နေပါလိမ့်......

မခံချိ မခံသာ
ကံကြမ္မာသာ ယိုးမယ်ဖွဲ့စေခဲ့တဲ့
မောဟတွေ ပေးတဲ့ည
ငါ အိပ်စက်လို့ မရတာ
အခါခါလည်း ရှိခဲ့ပြီ......

ရင်ထဲမှာ ဒေါသ မီးတောင်
လောင်ကျွမ်းရင်း ဖြတ်သန်း
ဗြန်းကနဲ သာ ငါ့ ရင်ပေါက်ကွဲ
အလဲအကွဲ တွေပဲ ကြုံပြန်တယ်......

တောက်......
ဒီမှာ တစ်ခေါက်လောက်ပါ
ငါ့မျက်နှာကို စေ့စေ့ကြည့်စမ်းပါ
ငါ ဟာ အပေါစား မဟုတ်ဘူး
ပြောသမျှကို သည်းညည်းခံပေမယ့်
ငါ အကြံအဖန် မဟုတ်ဘူး
မင်း လုပ်သမျှကို လည်ထောက်စင်းခံပေမယ့်
ငါ ကျောက်ရုပ်မဟုတ်ဘူး.......

သနားတတ်တဲ့ ငါ့နှလုံးသားကို
မြိန်ရည်ယှက်ရည် စားသုံးပါ
အလကားတော့ အဖြစ်မခံပါနဲ့
ဒါပေမယ့်
တောင်းပန်ပါရစေ
ဒီညလေးကိုတော့
ငါ့ကို ပေးသနားပါ
အိပ်မက်မှာ ငါ ပျော်နေသရွေ့
မေ့နေဦးမယ့် ငါ့ဘ၀မို့
ဒီညအဖို့တော့ တိတ်တဆိတ်
ငါ အိပ်ပါရစေ။

Wednesday, January 25, 2012

မေးခွန်းနဲ့ အဖြေ


တစ်ခါတစ်လေတော့လည်း
မေးခွန်းတွေက သိပ်လွယ်ပေမယ့်
ဖြေရခက်တယ်။

နှစ်ယောက်တစ်အိပ်မက်ဆိုတာ
ရုပ်ရှင်မှာပဲ ရှိတာပါ
အပြင်မှာ လက်တွေ့က
တစ်ယောက် တစ်အိပ်မက်တောင်
မက်လို့ မဆုံးနိုင်ဘူး။




သံသရာခရီးကို
လည်ရင်းနဲ့ ခဏတာ ရောက်ခဲ့တာ
ထောက်ထားစရာတွေနဲ့
လျှောက်မြဲလျှောက်ပေါ့
ဘာကြောင့် ခုမှ ညည်းမှာလဲ။

ကမ္ဘာဟာ သူ့ဘာသာ တေးဆို
ငိုကြွေးမှာတော့ မဟုတ်ပေဘူး
မှားယွင်းမှုက သင့်နောက်ကျောမှာလေ
ရင်ဘက်ထိတော့ မရောက်စေနဲ့ပေါ့။

တစ်ခါတစ်လေတော့လည်း
မေးခွန်းတွေက သိပ်လွယ်ပေမယ့်
ဖြေရခက်တယ်။

Monday, January 16, 2012

သံသရာအတွက်


ကဗျာတွေ အသက်သွင်းရင်းနဲ့
ငါ့လိပ်ပြာလည်း အတောင် တစ်ဖက် ကျိုးခဲ့ပြီ
ဒီခရီးရှည် ကို နီးသတဲ့လား။

ဆေးလိပ်ငွေ့တွေ တထောင်းထောင်းထနေတဲ့
အတိတ်ရဲ့ ညနေစောင်းမှာ
မာယာတွေနဲ့မင်းကို ရူးသွပ်မိတာ
တစ်သက်စာ အမှားတစ်ခုပဲလား။

လွမ်းပုံပြင်တွေလည်း မြက်ခင်းစိမ်းရဲ့တစ်ဖက်မှာ
ယိမ်းနွဲ့နွဲ့ ရီဝေမူး
အနီရောင် တိမ်တိုက်တွေရဲ့ တစ်ဖက်တစ်ချက်
ယဲ့ယဲ့လေး ပြုံးပန်းတစ်ပွင့်နဲ့
သခင်ရဲ့ အရှေ့မှာ ဒူးထောက်ခစားနေလေတယ်။

ပျိုမြစ်ခြင်းတွေကို တိုက်စားသွားတဲ့
ငါ့ရဲ့ လက်ပတ်နာရီလေး
ဝေးဝေးကနေ ငါ့ ကို ပြုံးပြတယ်
တကယ်တော့ သူမမှားပါဘူးတဲ့
ဟုတ်ပါရဲ့ ....
ဒါတွေဟာ သံသရာတစ်ခုပေပဲ
ဖန်တစ်ရာတေတဲ့
ငါ့ရဲ့ နိမိတ်တွေပဲလေ။

ဆယ့်သုံးနဲ့ ငါ
အခါခါ ပြောဘူးပါတယ်
မူးကိုလည်း မြစ် ငါ ထင်လို့လား
အနှစ်မပါတဲ့အရာတွေ ရင်ဘက်ကို ဖောက်ပြီးဆင်း
မင်း အတွက်တော့ ငါမှ မဟုတ်တာ
သေချာတာကတော့
ရေတွေ ကောင်းကင်ကို ဖြတ်တက်နေတယ်။

ညီထွဋ်ကတော့ ပြောတုန်း
အားလုံးပြီးဆုံးသွားပြီတဲ့......
တကယ် ပြီးမပြီးကိုတော့
ကောင်းကင်ကို မော့ကြည့်လေ
နေမင်းကြီးက ငိုနေတာ
ဒီ တစ်ခါတည်းမှ မဟုတ်တာ
ဒါသံသရာ အတွက်တဲ့။

Tuesday, January 10, 2012

အညံ့ပန်း


အညံ့ပန်းဆိုတာ ရှိတယ်
ရင်ထဲထိ မငြိပေမယ့်
အသိတရား ကွာတဲ့အချိန်
မှေးမိန်တဲ့ အလင်းအောက်မှာ
ရှာကြံ သုံးတတ်ကြလေရဲ့။

အညံ့ပန်းဆိုတာ ရှိတယ်
မရှိခဏ ဆိုပြီးတော့
အသိတရား ငြိတဲ့အချိန်မှာ
မာယာ စကားလှလှလေးတွေနဲ့
စွန့်ထားကြပြန် လေရဲ့။

အညံ့ပန်းဆိုတာ ရှိတယ်
ဝမ်းနည်းမှုကိုလည်း မပြတတ်
ဝမ်းသာရမှာကိုလည်း မစွမ်းသာ
သူ့ဝမ်းနာ သူသာသိသမို့
မေ့လိုက်ဖို့ပဲ တွေးမိတယ်။

Monday, January 9, 2012

အလောကထဲက ငါ


နာရီရဲ့ မျက်ရည်တွေ
နှလုံးသား အတုကို ဖန်တီး
ကမ္ဘာအပြားကြီး အောက်မှာ
သမုဒ္ဒရာ ရှိတယ်။
သုညတွေ တန်းစီ
အရှုံးတွေနဲ့ ရီမော
အလောကမှာ လူအတုတွေ
အိပ်မက်အတုတွေ ဖန်တီးနေလေရဲ့။
ငါ့ အတွက် တုန်လှုပ်စရာ
ရေတွေ ပျောက်ကွယ်တဲ့ခဏ
ခဏပါနော်
မောတယ် လို့တော့ မပြောလိုက်ပါနဲ့
ငါလည်း မောတာပါပဲ။
မျှော်လင့်ချက် တစ်စုံ
ရင်ခုန်နှုန်းတွေ ရပ်
အသက်တောင် ရှုချင်စိတ်မရှိဘူး
ငါ ရူးချင်နေမိပြီ။

Love လား.... ဒါမှမဟုတ်... Lust လား


ဒါကို တစ်ချို့က LOVE တဲ့
တစ်ချို့ကျတော့ LUST တဲ့
ခင်ဗျားကကော...
ကျွန်တော်ကတော့
LOVE ကိုပဲ ယုံတယ်
LUST ဆိုတာ အနှစ်မရှိတဲ့အရာ
တဏှာကိုသာ မက်ရင်
သံစဉ်တွေလည်း ဖြစ်လာမှာမဟုတ်ပေဘူးလေ
ရာဂ အမှောင်ကို သင် တွန်းလှန်နိုင်မှ
ချစ်ခြင်းအလှကို ရှာတွေ့မှာပေါ့
သမီးရည်းစား အချစ်
လင်မယား အချစ်
ဒီအဖြစ်တွေကို သံယောဇဉ်နဲ့သာပေါင်း
မင်္ဂလာတွေ ခညောင်းလိမ့်မယ်
တဏှာနဲ့ ရာဂကို မောင်းထုတ်
အလုပ်နဲ့သာ သက်သေပြလိုက်ပါ
ဖွင့်ဟပြောနေမှသာ
ချစ်တာ မဟုတ်ပါဘူး
ဆူးစူးနေတဲ့ နှလုံးသားကို
ဓါးနဲ့သာ ဖြတ်ထုတ်လိုက်
Life ဆိုတာ တိုတိုလေးပါ။

Friday, January 6, 2012

တစ္ဆေ ရဲ့ ငိုကြွေးသံ


တစ္ဆေ ရဲ့ ငိုကြွေးသံ
ကောင်းကင်ယံမှာ ပြန့်ကျဲလျက်
အသက်ငင်နေတဲ့ နာရီ
ရင်ဘက်ထဲက ဖောက်ထွက်
အရှက်တရား တဲ့......

အရိုးတွန်သံတွေ ကြားနေရတယ်
မြောက်ပိုင်းက ဆိုလား
သမိုင်းကို ရိုင်းစေခဲ့သူတွေ
တိုင်ကြီးတွေ ဝေဆာနေတဲ့
ဒို့ကျောင်းတော်ရဲ့ ဂုဏ်ကိုမှ မထောက်
သဘောက်မသားတွေ.......

အမျိုးဂုဏ်ကြောင့်ပါတဲ့
ညအမှောင်မှာ လူကောင်းဆိုတဲ့သူတွေက
ဆုံးမ ကြပြန်တယ်
ဟယ်... ငမိုက်သား
နှလုံးသား မရှိတဲ့တရားနဲ့
အရှိကို မမြင်ကြဘူးလား
သင်ဟာ လူသား မဟုတ်တော့ဘူး........

နင့်ဘ၀ နင်သာ အဓိက
ငါ ရှိနေကြတာလား
အဲဒီ့ ငါ
သေတဲ့အခါ မင်းယူသွားပါ
နားထဲမှာ ဆူဝေ
တစ္ဆေ ရဲ့ ငိုကြွေးသံ
တဖန် ပြန်ကြားနေရတယ်
ခံစား မိရဲ့လား........

Thursday, January 5, 2012

Sympathy


Sympathy တဲ့....
တကယ် ရှိလို့လား ဒီစကား
နားရှိလို့သာ ကြားမိတယ်
တကယ်ဆိုရင် တစ်ဖက်သက်
ငါ့ဘက်ကိုလည်း လှည့်ကြည့်ကြပါဦး
နားလည်မှု ပီတိတစ်ခုလောက်
ငါ သောက်သုံးပါရစေ။

Tuesday, January 3, 2012

ကပေါက်တိ ကပေါက်ချာ အိပ်မက်


မျက်ရည်တစ်စက်
ငါ့ခြေထောက်အောက် ပေါက်ကနဲကျ
ဒူးမထောက်ဘူးဆိုတဲ့ စိတ်
ညွတ်ကျသွားပြန်ပေါ့။
နှလုံးသွေးတစ်စက်
ရင်ဘက်ကနေ ဖောက်ထွက်
မင်း ရှေ့မှောက်
တစ်ခေါက် ပြန်ရောက်ပြန်ပေါ့။
အိပ်မရတဲ့ ညတွေ
များလွန်းလှချည်ရဲ့
ငါ့မျက်ခွံတွေ လေးလံလှပြီ
လူတွေဆီက ပြေးထွက်ခဲ့ရပြန်ပေါ့။
လက်ညှိုးပေါင်း တစ်ထောင်
မျက်လုံးပေါင်းက မရေနိုင်
ငါ့ကွယ်ရာမှာ မေးငေါ့
တစ်ချို့ကလည်း သနားကြလေရဲ့
နေမင်း အနောက်ကထွက်ပြန်ပေါ့။
သံယောဇဉ် သမုဒ်တစ်စင်း
ဖြတ်သန်းရင်းနဲ့ ကျော်ဖြတ်
ရေတွေလည်း ငတ်လှပေါ့။
ကာရန်မပီတော့ပေမယ့်
ကဗျာတော့ ဖြစ်ချင်ရဲ့
ရင်တွင်းပူ ဝေဒနာတွေကို
ဖွေရှာနိုင် မြိုင်တစ်ကျောမှာ
ငါ... ရူးလှပေါ့။