Showing posts with label အိပ်မက်ကဗျာ. Show all posts
Showing posts with label အိပ်မက်ကဗျာ. Show all posts

Sunday, July 22, 2012

အထီးကျန် အိပ်မက်ရှင်

အိပ်မက်တစ်ခုတည်းမှာ
ကျွန်တော် အထီးကျန်နေတယ်....
ရင်ခုန်သံတွေ အေးစက်ပြီး
နှလုံးသားတွေလည်း နာကျင်နေလေရဲ့
ဒီဇင်ဘာကို ပြန်သွားနေတဲ့ နေ့ရက်တွေက
ပိုပြီးတော့များ နာကျင်စေသလား။

ရင်ဆိုင်ဖို့ အားမရှိတဲ့နေ့ရက်တွေမှာ
ဘာကို ဘယ်လိုကျော်လွှားဦးမှာလဲ
တကယ်ဆို ဘ၀ဆိုတာ အိပ်မက်လို့
ယုံကြည်ဖို့ ခက်ခဲတယ်မလား....။

Friday, February 10, 2012

သန်းခေါင်ယံအတွေး



ညတစ်ညလို့ပြောပေမယ့်
ညတိုင်းပါပဲ
သန်းခေါင်ကျော်မှသာ
ဒါ ငါ့အတွက်လို့ ရေရွတ်
မျက်စေ့ကို စွတ်မှိတ်ခဲ့ရတာပဲလေ။

လူတကာတွေ မြူးနေချိန်မှာတဲ့
ငါ့ဘ၀က အမှောင်ထုရဲ့အောက်မှာ
မျက်ရည်လည်လည်တဲ့
ကိုထီး...
ခင်ဗျားကြီး ကျုပ်ကို စောင်းဆိုနေတာလားဗျာ။

စကားတစ်လုံး
ဒီအသုံးအနှုန်းကတော့
မင်းအတွက်... ပုံမှန်
ငါ့အတွက်တော့ ဗုံးဆံ ထိသလိုပဲ
မယဉ်ကျေးတဲ့ လူတွေရဲ့ကြားမှာ
ငါဟာလည်း အရိုင်းဆန်နေပြန်တာပေါ့။

သံသရာ အဆုံးထိ မတိုင်ပါဘူး
ဒီကဏ္ဍလေးသာ အဆုံးသတ်ပေးပါ
ရင်ဘတ်ထဲမှာ နှလုံးသားအတုတပ်
ဟန်ဆောင် မျက်နှာဖုံးလေးနဲ့
ဒီနွေကို ကျော်ဖြတ်ခွင့် ပြုပါ။

မိုးတွေ ရွာတဲ့အချိန်
ထီးကိုလည်း မဆောင်
ဆောင်းလေ့လည်း မရှိတဲ့ငါ
မိုးနဲ့အတူ မျက်ရည်တွေ ရွာချလိုက်ရင်
အပြင်လူတွေ မသိလောက်ပါဘူး
ဆောင်းတွင်းမှာ အခန်းအောင်းပြီး
မီးရောင်သာ ပိတ်ထား
ငါ့အနားမှာ ဘယ်သူမှ မရှိတဲ့အချိန်
နှင်းပုလဲခတာ ဘယ်သူ သိမှာလဲ။

Sex နဲ့ Lust သာ ကမ္ဘာလို့ထင်နေသလား
အသွေးအသားတွေ နဲ့ ထုလုပ်ထားတယ်တဲ့လား
နှလုံးအတုက စီးကျလာတဲ့ သွေးထဲမှာ
ငါ မေတ္တာတွေ အပြည့်အသိပ်ထည့်ထားတယ်
မင်း တစ်ခါလောက် သောက်သုံးကြည့်
စကားလုံးတွေနဲ့တော့ မရိပါနဲ့။

ရွှေလသာသော ည
ကောင်းကင်မှာ တွေ့နေရတာ
အမိုက်တိုက်....
အမှောင်တွေနဲ့ လ
မင်းယှဉ်ကြည့်ပါ
လ ကို တွေ့လား
ည ကို တွေ့လား
ဒါမှ မဟုတ် မင်း အမှောင်ကိုပဲ
တမ်းတပြီး မြင်နေတုန်းလား။

Saturday, January 21, 2012

ဘယ်မှာလဲ.......


ဥသြ တွေလည်း
တေးသီနေဆဲ
ရင်ထဲမှာလည်း
လွမ်းမိနေမြဲ........

ကာရန်မသိတော့တဲ့
ကဗျာတစ်ပုဒ်
အလွမ်းတွေနဲ့ပဲ ထုပ်သိမ်းထားတယ်


တစ်ရံရောအခါဆီလည်း
ငါ ပြန်ပြီး မလွမ်းချင်တော့ပါဘူး
ထူးပြီးတော့လည်း မစွမ်းသာ
ရင်ထဲမှာက လမင်းပျောက်
မင်းဟာလည်း ငါ့နတ်သမီး မဟုတ်ပြန်
မှန်ကန်သော သစ္စာလည်း
ပစ်ခွာ ထွက်ပြေး
အဝေးကြီးဆိုပေမယ့်
ငါ့ရှေ့မှာ မင်းရပ်နေတုန်းပဲလေ။

Wednesday, January 11, 2012

ချိုး နဲ့ ခါချဉ်



တရားမျှတခြင်းနဲ့
ဘာတဲ့.....
ဒါတွေက စာသားတွေပါ
ကဗျာတော့ မဟုတ်ဘူး
အရူးလုပ် မခံရပါစေလို့ပဲ
ဝေဒနာရှုရင်း
ဆုတောင်းတယ်။

ဘာတဲ့ ဘာတဲ့
ကြိုးစားပါမယ်တဲ့လား
ကြားရဖန် များလာတော့လည်း
ရိုးတော့ ရိုးနေပါပြီ
ဘ၀နဲ့ ချီလာပြီကိုး
အတိုးပေါ် အတိုးဆင့်
ရင်နင့်ခဲ့ရတာ
ငါ တစ်ယောက်တည်းမှ မဟုတ်ပဲ။

ဘာဗျ ဘာဗျ
ကြိုးစားကြပါလားတဲ့လား
ဘယ်လိုများ ကြိုးစားရပါ့
ချိုး(ဂျိုး) တစ်ကောင်
အတောင်တွေ ကျိုးနေတာ
မမြင်တာ ခင်ဗျားလေဗျာ။

သူ့လက်ထဲမှာ
ဘာရှိတာတုန်း
အဲဒါကြီးနဲ့သာ ကြုံးလိုက်ရင်
ရှင်နေမင်းတောင် မမြင်ရတဲ့
ဘ၀ ဆိုတာ ကြီး ပျောက်ကွယ်မှာလေ။

ဘယ်လို ဘယ်လို
ခင်ဗျားကိုတော့ မထိရဲ
အဲဒါပဲလေ ကျုပ်ပြောတာ
ကမ္ဘာမှ မကျော်တဲ့ငနဲ
လောကထဲမှာ ပျောက်ကွယ်လို့လည်း
ကိုယ်ကလွဲလို့
သူပဲသိမှာ
ခါချဉ်ကောင်ပါကွာ။

Tuesday, January 3, 2012

တိတ်အနှောင်း


သံစဉ် ရောယှက်
တေးသီငှက်...
မြင်လွှာ အရိပ်
နှောင်းအတိတ်...
သံစဉ်အရိပ်
နှောင်းအတိတ်တေးသီ
ကျစိတ်တွေ ဒီရေအလား
တိုးလို့သာပွား...
..........
ဒီလိုသာ ကာရန်ကိုက်ရေးမှ
ကဗျာက ဖြစ်မှာတဲ့လား
သံစဉ်ကြားရာ
လိုက်ပါစီးမျောမှ
နှလုံးသား လှသတဲ့လား
အမှန် ဘ၀ဆိုတာကတော့
သံသရာ ပင်လယ်ကြောမှာ
လိုက်ပါမျောရင်း
မောပြီးရင်းသာ ပိုမော
အဟောသိကံလည်း
ကြံဖန်ပြောကြလေရဲ့
အဖန်ဖန်လည်း နှောကြလေသတဲ့
မင်းရဲ့ သံစဉ်လိုတော့
နားဝင်ချိုနိုင်မယ် ထင်ဘူး
ရင်က တိတ်အနှောင်းကိုလည်း
နောင်တ ဆိုတာ မရှိစကောင်းပေမို့
ကျစိတ်တို့ ရင် ၀င် မတိုးခင်
မေ့လိုက်ချင်ရဲ့။

Saturday, December 31, 2011

မယုံပါဘူး


ကြယ်တွေ စုံတဲ့ည တဲ့လား
မယုံပါဘူး
အထီးကျန် ကြယ်တစ်စင်း
သူ့အလင်းကို ဖွက်ထားဆဲ
တိတ်တဆိတ် ကြေကွဲနေတာ......
အထီးကျန် အိပ်မရတဲ့သူတဲ့လား
မယုံပါဘူး
ငါလည်း တစ်ယောက်ထဲပါပဲ
ရင်ထဲ ၀င်ကြည့်လိုက်ပါဦး
နှလုံးသား တစ်စုံလုံး
ပျောက်ဆုံးလို့ ဆို့နင့်
ငါ့မှာ မင်းထက် အထီးကျန်နေတာ.....
အဖော်မရှိတဲ့ည တဲ့လား
မယုံပါဘူး
မင်း ရင်ထဲက တိတ်တဆိတ်လေး
တမ်းတလိုက်ရုံလေးနဲ့
မင်း ရှေ့မှာ ငါဒူးထောက်
အခစား ရောက်တာ
မင်း အသိ မဟုတ်လား......
အလုပ်အကျွေး မရှိတဲ့သူတဲ့လား
မယုံပါဘူး
မင်းကသာ ရေဆာတယ် ပြော
ငါ့သွေးကြောကို ဖောက်ထုတ်
မင်း သောက်သုံးနိုင်တယ်လေ......
ကြယ်တွေစုံတဲ့ ညတဲ့လား
မယုံပါဘူး..................

Friday, December 30, 2011

မင်းအတွက် အိပ်မက်

ဘာနဲ့စလို့ ဘယ်လိုဆုံးသလဲ
အလဲအကွဲတွေနဲ့
ဒဏ်ရာတဲ့လား
ငါ မမှုပါဘူး
တစ်နေ့တော့ ကြုံဦးမှာပါ
ငါ့အလှည့်ဆိုတာ...
မင်း ဘက်က အသင့် ဖြစ်နေရင်
ငါ့ဘက်က ပြင်ဆင်စရာ မလို
ငိုရမယ့်သူ မင်း မဖြစ်ပါစေနဲ့
ငြင်းလိုက်မှာသာ ငါ ကြောက်တာ....
နူးညံ့မှုဆိုတာ မင်းဘက်က ရှိရင်
ငှက်မွှေးလေးလိုပါ ငါက
စိန်တစ်လုံးလို မာနေရင်တော့
wurtzite boron nitride ဆိုတာ
ငါ့ ဘက်က ပါပဲ...
ဒီလောကမှာ မင်း အတွက်
ငါ အသက်ရှင်
မင်းအတွက်ပဲ
ငါလဲပြိုခဲ့
ဒါပေမယ့် မင်း မမေ့ပါနဲ့
အနာဂါတ်မှာ မင်းဟာ ငါ့ အတွက် မဟုတ်ပါဘူး
ငါ ပိုင်ဆိုင်ရာ ငါ့ ကမ္ဘာမှာ
ဖန်ဆင်းရှင် ဟာလည်း ငါပဲ ဖြစ်မှာပါ
မင်း မဟုတ်နိုင်ပါဘူး
စိတ်ကူးနဲ့ ရူးတယ်ဆိုတာ
တကယ်ဆိုတော့ အိပ်မက်ပဲ ဖြစ်မှာလေ....
အင်း မင်း အတွက် အိပ်မက် ပဲ ဖြစ်နေဦးမှာပါပဲလေ............

Thursday, December 29, 2011

တစ်ရေးတောင် နိုးလာပေါ့

တစ်ရေးတောင် နိုးလာပေါ့
အချိန်တော့ မသိ
အထီးကျန်ခြင်းတွေနဲ့ ငြိနေတဲ့ကိုယ်
ကဗျာဆိုတာလည်း
ကာရန်သာ မသိတာ
ဘာဘာညာညာတော့ တွေးဆဲ
ရေးနေမြဲ...
တစ်ရေးတောင် နိုးလာပေါ့
ဘ၀ အမောထဲမှာ
အရှိတရားနဲ့
အသိတားထားလို့
ပမာ အလား တွေ အပြည့်
သကာနဲ့ အခါးတွေ မွှေ
ဝေဒနာတွေသာ စူးနေဆဲ
ရူးနေမြဲ...
တစ်ရေးတောင် နိုးလာပေါ့
လင်းကြက်လား
သန်းခေါင်ကြက်လား
တွန်သံတော့ ကြားနေမိ
ခြောက်လှန့်အတွေးက
အိပ်မက်တင် မကဘူး
အပြင်မှာတောင် မူးနောက်နောက်ဖြစ်ရ
ဖောက်ပြန်တဲ့ စိတ်
ထောက်ခံတဲ့ စိတ်
ဒွိဟ နဲ့ ကြိတ်မှိတ်မျိုချ
အလိုမကျတဲ့ ဘ၀တစ်ခု
ထုဆစ်ခဲ့မိတဲ့ ရုပ်ထုအထဲက တဏှာ
အလွှာတွေများ ခြားနေလေရဲ့
အိပ်မက်ကို ပြန်ရလေမလား
ကိုယ် တစ်ခါလောက် ပြန်မက်ပါရစေ...
ဒီလိုနဲ့ ဘ၀ အတွေးထဲမှာ
အို....
တစ်ရေးတောင် နိုးလာပေါ့...

Monday, December 26, 2011

ပျော်နေဆဲ နေရာ

ဘ၀ဆိုတာ....
ဖြစ်ချင်တိုင်း မဖြစ်နိုင်ဘူး
မဖြစ်ချင်တိုင်းလည်း ဖြစ်နေရတာပဲ။
အထီးကျန်ဆိုတာ...
တစ်ယောက်ထဲနေလည်း အထီးကျန်
အဖော်ရှိလည်း အထီးကျန်
သူ့ဘ၀မှာ မျှော်လင့်ချက် ကုန်ဆုံး
လုံးဝ ဆိုတာ သူ့အတွက်....
အချစ်ဆိုတာ..
ဘာလဲ ကျွန်တော် မသိဘူး
ဘယ်ကလာလို့ ဘယ်မှာဆုံးတာလဲ
မသိချင်ပါဘူး
တိတ်တိတ်ကလေးလဲ ချစ်လို့ရသလား
အော်ဟစ်ဖွင့်ပြမှ ချစ်တာလား
ဒါလည်း မသိပါဘူး
ဘယ်လိုပဲ ဖြစ်ဖြစ် အချစ်ဆိုတာတော့ ရှိပါရဲ့
သုံးစားလို့ မရ....
အိပ်မက်တစ်ခု...
တမ်းတနေဆဲ အရာတစ်ခု
ဖြစ်ချင်မှလည်း ဖြစ်လာမှာပေါ့
ဒါပေမယ့် ကျွန်တော် အိပ်မက်ထဲမှာပဲ ပျော်တယ်။