Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Wednesday, February 22, 2012

စက်မှုတက္ကသိုလ် ဒုတိယနှစ်


ပြောရမယ်ဆိုရင် ကျောင်းမှာ အဆိုးရွားဆုံး သောင်းကျန်းခဲ့တာ ဒီဒုတိယနှစ်ပါပဲ။ သူငယ်ချင်းကောင်းကတော့ ကိုစာကလေး ခေါ် ကိုကျော်ဝင်းအောင်။
ကျွန်တော် ကျောင်းတွေ မတက် ပေတေလေနေတဲ့အချိန်မှာ ကျွန်တော့အနားမှာ ရှိခဲ့တာ ကိုစာကလေး။
သူငယ်ချင်းတွေ တော်တော်များများမှာ အခင်မင်ဆုံး သူငယ်ချင်းတွေထဲမှာ
စာကလေး၊ အောင်စည်သူ၊ ကပ္ပိယ၊ ဖိုးကေး ဒီလေးကောင်နဲ့တော့ တော်တော်လေး တွဲမိတယ်။ ဒါပေမယ့် ကျွန်တော်ဆိုးတဲ့အထဲမှာ ဒီကောင်လေးကောင် မပါဘူး။ ဆိုးဖော်ဆိုးဖက်တွေက တခြားသူငယ်ချင်းတွေ။
ဒီလေးကောင်က ကျွန်တော့ကို ထိန်းကျောင်းပေးနေတဲ့ကောင်တွေပေါ့။ အဲဒီအထဲမှာမှ ကျွန်တော်အချစ်ဆုံးက စာကလေး။ ဒီကောင်ကတော့ ကျွန်တော့ညီအရင်းလိုပဲ။
ဒီကောင် ရည်းစားရတော့ အင်းစိန်က ကောင်မလေးနဲ့။
ကျွန်တော် စာမေးပွဲ ဖြေခါနီး စိတ်တွေ တအားလေနေတဲ့အချိန်....
ဒီကောင်က သူ့ကောင်မလေးအိမ်မှာ တံခါးမရှိ ဓါးမရှိ ၀င်နေတဲ့အချိန်ပေါ့။
ကျွန်တော့ကို သူ့ကောင်မလေးအိမ်ကို ခေါ်သွားပြီးတော့ လဘက်တွေကျွေးပြီး စာတွေကျက်ခိုင်းတာ မှတ်မိသေးတယ်။ သူ့ကောင်မလေး နာမည်က မိုးသက်စံ... အခုတော့ သူတို့နှစ်ယောက်လည်း အိမ်ထောင်ကျပြီးတော့ ကလေးတောင် ၂ ယောက်ဖြစ်နေပြီ။ ဟုတ်တယ်နော် ကိုစာကလေး ၂ ယောက် ဟုတ်တယ်မဟုတ်လား။ တစ်ခြားတော့ သိပါဘူး။ ( ငါ ဘာမှ ပြောဘူးနော် ... မင်းကောင်းကြောင်းတွေပဲ ပြောထားတာ... ငါ့မိန်းမ မကေခိုင်ကို ဘာမှာ မပြောကြေး ... ဟဲဟဲ )
ကျွန်တော်တို့က ယောက်ဖ လို့ခေါ်တဲ့ နှမလည်း မရှိတဲ့ အောင်စည်သူကြီးရယ် ဖိုးကေးရယ် ကပ္ပိယရယ် ကတော့ ခုထက်ထိ လူပျိုကြီးတွေ လုပ်နေတုန်း။ ကျန်တဲ့သူတွေတော့ မသိဘူးဗျ။ ဖိုးကေးကိုတော့ ယုံတယ်။ ဒီကောင်ကြီး ရည်းစားသနာ ထားတာလည်း မတွေ့ဘူး။ ငှက်ပျောတုံး ဖက်ရဖို့ အသေချာဆုံးကတော့ သူပဲ။ ကျန်တဲ့ နှစ်ကောင်ကတော့ အချိန်မတန်သေးလို့ပဲ ထင်ပါတယ်။ ခုချိန်ထိတော့ လူပျိုကြီးပါခင်ဗျာကို ကြွေးကြော်ကောင်းတုန်း။ ဒါမှမဟုတ် မာမီကြွယ်ကိုပဲ အားကျနေကြလားတော့ ကျွန်တော်လည်း မသိဘူး။ ကြုံရင် ကျွန်တော်မေးကြည့်ရဦးမယ်။ အဟီး ကိုဖိုးကေး ချစ်လို့စတာနော်။ ပြန်ပြီးတော့ မ သမ ကြေး။
ကျွန်တော် ဒုတိယ နှစ် ကျောင်းမတက်ရသေးဘူး။ ပါချုပ်နဲ့ အရင်ဆုံး မိတ်ဆက်ရတာ ကျွန်တော်နဲ့ ဖဲရိုက်ဘက်တွေ။ အဆောင်လက်ခံတဲ့နေ့ပဲ အဲဒီည ချိန်းပြီး ဖဲရိုက်ကြတာ ပုပ္ပါးဆောင်မှာ။ အဆောင်မှူးက ကျွန်တော်တို့ ချစ်စနိုးခေါ်တဲ့ ဂေါဗါချော့။ သူက မနက်လေးနာရီလောက် လမ်းလျှောက်သံပေးပြီး ရပ်ခိုင်းနေတာ။ ကျွန်တော်တို့ကလည်း တစ်ချပ်မှောက်ဆိုတော့ အရှိန်တွေ တက်နေတာ။ ဆရာက သည်း မခံနိုင်တဲ့အဆုံး တံခါးခေါက်ပြီး ဖမ်းပါလေရော။ အခန်းက စတုတ္ထ နှစ်သမားတွေအတွက်ပေးတဲ့ တစ်ယောက်ခန်း။ ပြေးစရာ အပေါက်မရှိဘူး။ အခန်းထဲမှာ ဖဲရိုက်နေတဲ့ကောင်က ၅ ယောက်၊ ဘေးထိုင်ဘိုင်ကျ ဘုပြောနေတဲ့အကောင်က ၄ ကောင်၊ ကုလားသေ ကုလားမော လာအိပ်နေတဲ့အကောင်က ၆ ယောက်။ ဟုတ်ကဲ့ တစ်ယောက်ခန်းမှာ အားလုံးမိတာ ၁၅ ယောက်။ :D အဲဒီအထဲကမှ ဖဲရိုက်တဲ့ ၅ ယောက်ကို ပါချုပ်ဆီကို ပို့တာ။ ပါချုပ်က ဦးကြင်စိုး။ တစ်ခါမှ မဆဲဘူးတဲ့ ဆရာကြီးက အဲဒီနေ့မှာ မှတ်မှတ်ရရ ငါနဲ့ ကိုင်တုပ်တာ ခံလိုက်ရတာက ကျွန်တော်တို့တွေ။ အမယ် ပါချုပ်နဲ့ တွေ့ရမယ် ဆိုတော့ အားလုံးက လည်ကတုံးလေးတွေ ကိုယ်စီနဲ့။ အတော် ခန့်ညားနေတာ။ ဆရာကြီးလည်းတော်တော် စိတ်လေသွားပုံရတယ်။ သူ့ရာဇ၀င်မှာ ကျောင်းမဖွင့်သေးဘူး အရင်ဆုံး သြ၀ါဒ ပေးရတာ အဲဒီအခေါက်က ပထမဆုံး ဖြစ်မယ် ထင်ပါရဲ့။
အဲဒီလို ကျွန်တော်တို့က အဖွင့်ကောင်းတာ ဒုတိယနှစ်ကို။

Saturday, February 18, 2012

စက်မှုတက္ကသိုလ် ပထမနှစ်


ကျွန်တော် စက်မှုတက္ကသိုလ်ကို ပထမနှစ်အနေနဲ့ တောင်ငူကနေ ရန်ကုန် ကို ရထားနဲ့ထွက်မယ့်အချိန်....
ချစ်လှစွာသော သူငယ်ချင်း အောင်နိုင်ဦးက ဘူတာကို အပြေးအလွှား လာရောက်ပြီးတော့ ရန်ကုန်မှာ သုံးဘို့အတွက် ဆိုပြီး ကျွတ်ကျွတ်အိတ်တစ်လုံးနဲ့ အပြည့် လာပေးရှာတယ်။ ဘာတွေလဲဆိုတော့...... မား လို့ခေါ်တဲ့ ဆေးခြောက်တွေ....
ကျွန်တော့မှာ ဘုရားမျိုးစုံ တ လိုက်ရတယ်။ ဘာလို့လဲဆိုတော့ ဘူတာကို အဖေနဲ့တကွ အဖေ့ရဲ့ တပည့်အပေါင်းက လိုက်ပို့ကြတာကိုး။ သိကြတော်မူတဲ့အတိုင်း အဖေက အဲဒီတုန်းက တောင်ငူက မြို့နယ်ရဲတပ်ဖွဲ့မှူး။ အဖေများ မိလိုက်လို့ကတော့......... သားလည်း ရှောင်မှာ မဟုတ်ဘူး။ ထောင်ထဲ တန်းပို့မှာ။

အဖေနဲ့ ပါတ်သက်ပြီး တစ်ခုပြောစရာရှိတယ်။ ကျွန်တော် ၁၀ တန်း ပထမနှစ် ဖြေပြီးတဲ့အချိန်။ အဲဒီတုန်းက ခေတ်စားတဲ့ Million 5 တို့ Billion 5 တို့ကို ကျွန်တော် ကောင်းကောင်းသုံးတတ်နေပြီ။ ညနေကျရင် မန္တလေး ဘီယာလေးလည်း စုပ်တတ်နေပြီ။ ဘီယာက တစ်ပုလင်းကို ၅၀။ မုန့်ဘိုးက တစ်ရက်စာလို့ မရှိဘူး၊ ကြုံရင်ကြုံသလိုတောင်းတာက အများဆုံးမှ ၅၀ တည်းရယ်။ ဘယ်လိုမှ မှီဝဲဘို့မလွယ်ဘူး။ အဲဒီတော့ ကျွန်တော်ရယ်၊ စခန်းမှူးသားရယ်၊ ဒုရဲအုပ်တစ်ယောက်ရဲ့သားရယ်၊ အရပ်ထဲက သူငယ်ချင်းတစ်ယောက်ရယ် စုပြီးတော့ ဗီဒီယို တစ်ရုံကို လေလံစွဲတယ်။ တစ်ရက်ကို ၄၀၀ နဲ့။ အက်ရှင်ကားတို့ သိုင်းကားတို့ ကုလားကားတို့တွေကို နေ့လည်ပိုင်းပြပြီးတော့ ညပိုင်းကျတော့ လူကြီးကားကို ခိုးပြကြတယ်။ ကျွန်တော်တို့လေလံစွဲတာက ၅ ရက်။ ၂ ရက်မြောက်နေ့မှာ အဖေ သတင်းရသွားလို့ ကျွန်တော့ကို သူ့ ရုံးခန်းထဲ ခေါ်ပြောတယ်။ အခုချက်ခြင်းရပ်တဲ့။
ကျွန်တော်တို့မှာလည်း ပိုက်ဆံကပေးပြီးသားဆိုတော့ မထူးဘူးဆိုပြီး ဆက်ပြတယ်။ ၃ ရက်မြောက်ညမှာ အိမ်ကို ညပွဲပြပြီးတော့ ခိုးပြန်လာတော့ အဖေက အိမ်ရှေ့နားက သူ့အလုပ်စားပွဲမှာ အလုပ်လုပ်တုန်း။ အဖေက " ဟေ့ကောင် မင်း အဲဒီမှာ ရပ်နေ " ဆိုပြီး ပြောတော့ ကျွန်တော် လှေကားထစ်အပေါ်လေးနားမှာ ရပ်နေရတာပေါ့။ အဖေက သူ့အလုပ်တွေ လက်စသပ်ပြီး ကျွန်တော့ဆီ လျှောက်လာပြီး လက်သီးနဲ့ ထိုးထည့်လိုက်တာ ကျွန်တော် လှေကား ၃ ထစ်ကနေ ဂျွမ်းပြန်ကျသွားပါလေရော။ အိမ်မှ အမေကော ညီအကို မောင်နှမတွေကကော ဘယ်သူမှာ လာမထူရဲဘူး။ မှတ်မှတ်ရရ အဖေဆုံးမခဲ့တာ အဲဒီတစ်ခါတည်းနဲ့ ကျွန်တော် အီစလန်ဝေသွားတာ။ ကျွန်တော့အဖေက အဲဒီလိုမျိုး။

အင်း ခုနက စာကို ဆက်ရရင်....
ကျွန်တော်ခုနက အထုပ်ကို အဖေ မသိအောင် သေသေချာချာ သံသေတ္တာထဲထည့်၊ ပြီးတော့မှ ရထားကြီးစီးပြီး ရန်ကုန်ကို ရောက်လာတယ် ဆိုပါတော့ဗျာ။
ရန်ကုန်မှာ ကျွန်တော်နေရတာက ဒူးယားဆောင်၊ အဲဒီအဆောင်က ကျွန်တော့အတွက် မစိမ်းဘူးဗျ။ ကျွန်တော် ကျောင်းမတက်ခင်ကတည်းက ကျွန်တော့ အကိုဝမ်းကွဲတစ်ယောက် ဒူးယားသားဆိုတော့ ရောက်ဘူးပြီးသား။ အဲဒီက ဟောကျုတာ ဆရာ ဦးမြင့်ကြွယ်ဆိုတာ ကျွန်တော်နဲ့က ဟိုးတုန်းကတည်းက ခင်မင်ပြီးသား (ရိုးရိုးသားသား ခင်တာပါ အဲဒီတုန်းကတည်းက)။ ဘာလို့ ရှင်းပြနေရသလဲဆိုတော့ ကျွန်တော်တို့ရဲ့ ဆရာက ကျွန်တော်တို့ စက်မှုတက္ကသိုလ်မှာ အမေကြွယ်လို့ ကျော်ကြားသူတစ်ယောက်မို့ အဲဒီလို ရှင်းပြနေရတာ။ သူ့ကိုယ်သူ အမြဲကြွေးကျော်နေလေ့ရှိတာက တောင်ဘက်လှည်းတန်းကနေ မြောက်ပိုင်း အင်းစိန်အထိ ပိုင်သတဲ့ အမေ ပါတဲ့။
အဲဒီလိုနဲ့ပေါ့ဗျာ....
ပထမနှစ် အူကြောင်ကျား လို့ပြောရမယ့်အရွယ်မှာ ကျွန်တော်က အတတ်ပညာ အဌာရသ အပြည့်အစုံနဲ့ ရွှေကျောင်းတော်ကြီးကို ရောက်လာတယ်ပဲ ဆိုပါတော့။ ကျွန်တော်နဲ့ အခန်းဖော် ဖြစ်မယ့် ငတိက ဖြူးမှာတုန်းက အတန်းဖော် ၀ဏ္ဏကျော်.. သူက အဆောင်ရပေမယ့် လာမနေတော့ ကျွန်တော်က တစ်ယောက်ခန်းလို အခန့်သားနေရတာပေါ့ဗျာ။
တစ်ယောက်ခန်းဆိုတော့ ဖဲရိုက်လည်း ကျွန်တော့အခန်း။ ဆေးချတော့လည်း ကျွန်တော့ အခန်း။ အရက်သောက်တော့လည်း ကျွန်တော့ အခန်း။ ပြောရရင် တော်တော် စည်တယ်ပေါ့ဗျာ။ ကျွန်တော်က အဖြူတော့ လုံးဝ မလုပ်ဘူးဗျ။ ကျွန်တော့် မျက်စေ့ရှေ့မှာ အဖြူစွဲပြီး ဒုက္ခရောက်ခဲ့တဲ့လူတွေကို အနီးကပ် တွေ့ဘူးခဲ့တော့ အဖြူကိုတော့ လုံးဝ ရှောင်တယ်။ ဆေးခြောက်ကိုတော့ စရောက်ရောက်ခြင်းလောက်ပဲ သုံးဖြစ်တယ်။ နောက်ပိုင်း မသုံးဖြစ်တော့ဘူး။ ကိုယ့်နယ် မဟုတ်တော့ ကြောက်တာလည်းပါတာပေါ့ဗျာ။ ပထမနှစ်မှာ ဆိုးချက်ကတော့ အဲဒီထက် ပိုတာတွေ ရှိပါသေးသပေါ့ဗျာ။ တစ်ချို့ဟာတွေတော့ ဆင်ဆာငြိတော့ ပြောလို့မရတဲ့အပိုင်းတွေပါတာပေါ့။
ဖိုးကေးလို့ခေါ်တဲ့ င၀န်နဒီ ပြောသလိုတွေပေါ့။
ဒူးယားဆောင်မှာ သတိအရဆုံးက ကျွန်တော်တို့ရဲ့ အဆောင်မှူး ဦးဝင်းမြင့်ဗျ။ ကျောင်းသားတွေအပေါ် သူ့ရဲ့ သားသမီး အရင်းလို ဆက်ဆံတာ။ သူ့မှာ သမီးလေး ၁၀ တန်း အရွယ်တစ်ယောက်ရှိတယ်။ ကျွန်တော်တို့ ကျောင်းသားတွေအတွက် မိန်းကလေး တစ်ယောက်ရှိတဲ့ ကျွန်တော်တို့ ဒူးယားက အင်မတန် မင်္ဂလာ ရှိပေါ့ဗျာ။ ကျွန်တော်တို့ တစ်ရက် အင်းယျားအဆောင်သူုလေးရယ်ကို ဖျက်ပြီး ဒူးယားအဆောင်သူလေးရယ် လို့ လုပ်ဆိုတော့ ဆရာ ဦးဝင်းမြင့်ခမျာ အဆောင်ပေါ်တက်လာပြီး တောင်းပန်ရှာတယ်။ ဟေ့ကောင်တွေ ငါ့သမီးကိုတော့ ချမ်းသာပေးပါကွာ တဲ့။
ဆရာဦးဝင်းမြင့်လည်း ဆုံးရှာပြီ။ ဆရာဦးမြင့်ကြွယ်လည်း ဆုံးရှာပါပြီ။ ဆရာတို့တတွေ ကောင်းရာသုဂတိ လားပါစေဗျာ။

ကျွန်တော်တို့ စက်မှုကျောင်းသားတွေရဲ့ စာကြိုးစားမှုကိုလည်း ပြောမှ ဖြစ်ဦးမှာပေါ့နော်။ ကျွန်တော်တို့ စက်မှုကျောင်းက ကျောင်းသားတွေ မအိပ်မနေ စာကြိုးစားကြတဲ့ တစ်ချိန်ရှိသဗျ။ အဲဒါကတော့ Private Study ပေးတဲ့အချိန်ပါပဲ။ တစ်နှစ်လုံး အလေတွေ လိုက်ကြပြီးမှ စာကြည့်ချိန်ပေးတဲ့ တစ်ပါတ် ၁၀ ရက်လောက်ကျတော့မှ တော်တော်များများက တွန်းကြတာပေါ့ဗျာ။ အဲဒီအချိန်ဆို စာကြည့်တိုက်ထဲမှာလည်း ကျွန်တော်တို့လို ကောင်တွေချည်းပဲပေါ့။ ည ည ဆိုရင်လည်း ဖဲရိုက်သံတွေ တိတ်၊ အရက်သောက် မူးတဲ့ကောင်လည်း ငြိမ်ပေါ့ဗျာ။ ဂစ်တာတီးချင်တဲ့ကောင်တောင် မတီးရဲဘူး အဲဒီအချိန်ဆို။ ဘေးခန်းက ဆရာ ငတိတွေက ပူညံပူညံ လုပ်မှာစိုးလို့။ ဂစ်တာကိုတောင် ပလပ်ကင်လေးပဲ တီးပြီး အာသာဖြေရတာ အဲဒီအချိန်ဆို။ ပြီးတော့ လူတွေအကုန်လုံးက စာအုပ်နဲ့ မျက်နှာနဲ့ မခွာတမ်းပေါ့။ အိမ်သာတက်ရင်တောင် စာအုပ်ကလေး ဂျိုင်းကြားညှပ်ပြီးတော့ သွားကြတာပေါ့။ အဲဒီလို ကြိုးစားကြတာ။

စာကြွင်း။ သူငယ်ချင်းတို့ မှတ်မိသမျှလေးတွေလည်း ဝေမျှကြပါဦး။ သိပ်လည်း အကုန်မမှတ်မိကြနဲ့နော်။
အိမ်က မိန်းမတွေ ဖတ်မိလို့ ကွာရှင်းစာချုပ်တွေမှာ လက်မှတ် ထိုးနေရမှာစိုးလို့။ ကျွန်တော်ကတော့ တစ်ချို့ဟာလေးတွေ မေ့ချင်ယောင် ဆောင်ထားတယ်ဗျ။ နောက် တစ်ခေါက်ကျရင်တော့ ကိုစာကလေး တို့နဲ့ စာကြိုးစားခဲ့တာလေးတွေ ထည့်ရေးပါဦးမယ်။

Monday, January 30, 2012

Sky Park Hotel မှာ တစ်ညတာ





ဒီနေ့ Sky Park Hotel မှာ တစ်ည အိပ်စက်ခွင့် ရတယ်။
ပျော်သလို ရှိခဲ့ပေမယ့် တစ်ကယ် ရောက်တဲ့ အခါကျတော့ အိမ်က အိပ်ယာကို ပိုလွမ်းမိတယ်။
ဘာမှ ထူးခြားမှု မရှိပေမယ့် ကိုယ့်လစာနဲ့ဆိုရင် အနားတောင် မကပ်နိုင်တဲ့နေရာမို့လို့ သည်းညည်းခံပြီး အိပ်ရတော့မှာပဲလေ။

အစားအစာတွေကလည်း ဈေးကြီးလိုက်တာ ဘာမှတောင် မှာမစားရဲလို့ ကော်ဖီလေး တစ်ခွက်ပဲ ဖျော်သောက်လိုက်တယ်။

ဒီလို နေရာမျိုးမှာ မိသားစုနဲ့သာ လာနေရရင်တော့ တကယ် ပျော်မိမှာပဲ။
ခုတော့ ပိုပြီး အထီးကျန်တဲ့ ဝေဒနာကို ခံစားရတယ်။
ကျွန်တော်က နဂိုကတည်းက အိမ်ချစ်တဲ့သူပဲ။
ပြောရင်းဆိုရင်းနဲ့ ရန်ကုန် က ကျွန်တော်တို့မိသားစုကို ပို ပို လွမ်းမိတယ်။

Sky Park ကို သွားချင်ရင် ၂၀ တဲ့။ ဒါပေမယ့် ကျွန်တော့မှာ Member Card ရှိတော့ တက်ကြည့်မယ်ဆိုရင် အလကားတော့ တက်ကြည့်ခွင့် ရမှာပါ။ စိတ်ထဲ မပါလို့ တက်မကြည့်တော့ပါဘူး။

အခန်းကို မီးပိတ်ပြီး အပြင်ဘက်ကိုပဲ ငေးနေမိတယ်။

စင်ကာပူမြို့ကြီးကတော့ သူ့ဟာသူ လှနေတာပါပဲ။ ကျွန်တော့မှာတော့ အမျှင်မပြတ်တဲ့ အတွေးတွေနဲ့။
ကိုထီးရဲ့ သီချင်းသံကတော့ အခန်းထဲမှာ ပြန့်လွင့်လို့ပေါ့။
ငယ်စဉ်က ကလေးလေး ဘ၀မှာ.... ဆိုပြီးတော့ ကျွန်တော့ကို ပိုပြီး အထီးကျန်စေတယ်။

ဒီတစ်ညကိုတော့ ကျွန်တော် ကျော်ဖြတ်ရမယ့် ခက်ခဲတဲ့ ည တစ်ည ထဲမှာ စာရင်းတို့ထားရတော့မယ် ထင်ပါရဲ့။
ညတွေမှာလည်း အိပ်မပျော်တဲ့ ရောဂါက ပြန်စနေတာကိုး။

ဓါတ်ပုံလေးတွေကိုတော့ အမှတ်တရ အနေနဲ့ပဲ ရိုက်မိတာပေါ့နော်။