Showing posts with label ပြောပြချင်တာလေးတွေ. Show all posts
Showing posts with label ပြောပြချင်တာလေးတွေ. Show all posts

Friday, February 10, 2012

၁၀ တန်း ဒုတိယ နှစ်


ငယ်ငယ်တုန်းက အကြောင်းတွေ မရေးခင်မှာ ၁၀ တန်း ဒုတိယနှစ် အကြောင်းပဲ ရေးဦးမယ်။ သည်းခံပြီးတော့သာ အားပေးကြပါ။

၁၀ တန်း ဒုတိယနှစ်၊ ၁၉၈၉-၉၀ ပေါ့။ အဖေက ဖြူးမြို့ကို မြို့နယ် ရဲတပ်ဖွဲ့မှူုးအနေနဲ့ ပြောင်းရတယ်။
ဖြူးမှာ အထက်တန်းကျောင်းက နှစ်ကျောင်းပဲ ရှိတော့ အိမ်နဲ့ နီးတဲ့ အထက(၁) ကို အဖေက လိုက်အပ်ပေးတယ်။
ဒါပေမယ့် ကျွန်တော် အဲဒီအချိန်တုန်းက ကျောင်းကို မတက်ချင်တော့ဘူး၊ အပြင်ကပဲ ဖြေချင်တာ။ အဖေက အတင်းပြောလို့ ကျောင်းတွေဖွင့်ပြီး သုံးလ လောက်နေမှ တက်ဖြစ်တယ်။
ပထမဆုံး ကျောင်းသွားအပ်တော့ ကျောင်းအုပ်ဆရာကြီးဆီ အဖေက သေသေချာချာ လိုက်အပ်ပေးတယ်။
ဆရာကြီးက ကျွန်တော့ ပညာရေး နောက်ကြောင်းရာဇ၀င်ကို အဖေ့ဆီက ကြားတော့ A ခန်းမှာ ထားပေးမယ်ဆိုပြီး အဖေ့ကို ပြောလိုက်ပြီး ကျွန်တော့ကို ထားခဲ့ဖို့ ပြောတော့ အဖေက ပြန်သွားတာပေါ့။
ဒီလိုနဲ့ ဆရာကြီးက ဆရာမ တစ်ယောက်နဲ့ ကျွန်တော့ကို အခန်း သွားခိုင်းတယ်။ A ခန်းက အတန်းပိုင်ဆရာမက သူ့အခန်းက လူတော်တွေကို သေချာ ရွေးပြီးထားထားတာ နှစ်ကျကို လက်မခံနိုင်ပါဘူး ဆိုပြီး ငြင်းလွှတ်တော့ ကျွန်တော့ကို အဲဒီဆရာမက အခန်း B ကို ထပ်ပြီး လိုက်အပ်တယ်။ B အခန်းက အတန်းပိုင်ဆရာမက သူ့ဆီမှာ နေရာလွတ် မရှိတော့ဘူးဆိုပြီး ထပ်ငြင်းလွှတ်တော့ အခန်း C ကို ထပ်သွားအပ်ရပြန်တယ်။ အဲဒီအတန်းပိုင်ဆရာမက တစ်ခါ သူ့အခန်းမှာလည်း နေရာလွတ် မရှိပါဘူးဆိုပြီး ထပ် ငြင်းလွှတ်တော့ ကျွန်တော် တော်တော် ပေါက်ကွဲသွားပြီး တော်ပြီ ကျွန်တော် အိမ်ပဲ ပြန်တော့မယ်ဆိုပြီး ပြောတော့ လိုက်အပ်ပေးနေတဲ့ ဆရာမက ဆရာကြီးဆီ တစ်ခါပြန်ခေါ်သွားတာပေါ့နော်။
ဆရာကြီးကလည်း မရဘူး ဒါဆိုရင် အခန်း B မှာ ခုံတစ်ခုံ စီစဉ်ပေးလိုက်ဆိုပြီး ပြောလွှတ်လိုက်တော့ အောင့်သည်းအောင့်သက်နဲ့ အခန်း ဘီ ကို ကျွန်တော် ရောက်သွားပြန်ပါရော။ ဆရာမက ကိုယ့်ခုံကို ကိုယ်သယ်ဆိုပြီး အတန်းရဲ့ နောက်ဆုံး ဘယ်သူမှ မရှိတဲ့နေရာမှာ နေရာချလိုက်တယ်။
အဲဒီမှာ ကျွန်တော့အတွက် ဆိုးဖော်ဆိုးဖက် ဆိုရမယ့် သူငယ်ချင်း ခင်မောင်လွင် နဲ့ နီးစပ်သွားတော့တာပါပဲ။
ဒီကောင်နဲ့ ကျွန်တော်နဲ့ က အသက်လည်း သိပ်မကွာဘူး ကျွန်တော်ထင်တယ် အဲဒီတုန်းက အဲဒီကျောင်းမှာ ကျွန်တော်က ဒုတိယ အသက်အကြီးဆုံး၊ ခင်မောင်လွင်က တတိယ အကြီးဆုံးထင်တယ်။
ကျွန်တော်တို့ ဆိုးချက်ကတော့ ဆရာမတွေက အချိန်ပို ခေါ်သင်တယ်။ ထမင်းစားချိန် ခဏပေးတဲ့အချိန်မှာ ကျောင်းအုတ်တံတိုင်းကို ကျော်ပြီး ကျွန်တော်နဲ့ ခင်မောင်လွင်က ထန်းရည် သွားသောက်တယ်။ ပြီးရင် ခပ်တည်တည်နဲ့ ကျောင်းမှာ စာ ဆက်သင်တယ်။
ဒီလိုနဲ့ ဆရာမတွေက သင်္ချာဘာသာရပ်ကို အမှတ် ၃၀ နဲ့ စာစစ်တယ်။ ကျွန်တော်က အဲဒီတုန်းက ကျောင်းရောက်တာ တစ်လ မပြည့်သေးဘူး။ ပြောရရင် စာကို ကောင်းကောင်း မသင်ရသေးဘူး။ ဒါပေမယ့် ကျွန်တော် အမှတ်အများဆုံး ၂၉ မှတ် ရတယ်။
ဆရာမတွေက သိပ် အလေးမထားသေးဘူး။ ဒီကောင် စွတ်ရမ်း ဖြေရင်း ကြက်ကန်းဆန်အိုးတိုးတယ်ပေါ့။
နောက်တစ်ပါတ်ခြားတဲ့အချိန် ဇီဝ ထပ်စစ်တယ်။
အဲဒီမှာလည်း အမှတ်အများဆုံး ၂၈ မှတ် ကို ကျွန်တော်ပဲ ရတယ်။ အဲဒီမှာ ဆရာ/ဆရာမတွေ နည်းနည်း သတိထားမိကြတာပေါ့လေ ဒီဆရာကြီးကို ... ဟဲဟဲ..

နောက် ၁၀ တန်း နှစ်ကျတွေကို အမှတ် စာရင်း ထုတ်တော့ ကျွန်တော့ နာမည်ပါ ထည့်ပေးလိုက်တယ်။
အဲဒီမှာ ကျွန်တော် သိလိုက်တာက ပြီးခဲ့တဲ့နှစ်က ကျွန်တော် မြန်မာစာနဲ့ သင်္ချာ ဂုဏ်ထူးနှစ်ခုနဲ့ ကျွန်တော်ဖြေခဲ့တဲ့ ဘူးသီးတောင် မြို့နယ်မှာ အမှတ်အများဆုံးဆိုတာ တွေ့လိုက်ရတာ။ ကျွန်တော် ဟန်တောင် မဆောင်နိုင်ဘူး မျက်ရည်တွေကျပြီး ရှိုက်ကြီးတငင် ငိုလိုက်ရတာ... ဆရာ/ဆရာမတွေကလည်း သနားလို့ပေါ့ ကျွန်တော့ကို။ ( သနားပါတယ်နော် )...

အဲဒီမှာ ဇီဝဗေဒ ဆရာမ ( ကျွန်တော့ရဲ့ မိခင် လိုပဲ ကျွန်တော့ကို တော်တော်ချစ်တာ ) က သေသေချာချာ ထိန်းကျောင်းတာပဲ။ ကျွန်တော်က ၁၀ တန်းကျတာ ဓါတု လို့အောက်မေ့တာ ဇီဝဗေဒကို ၃၆ မှတ်နဲ့ ကျသွားတာလေ။ အဲဒီတုန်းက အိပ်ရေးတွေ မ၀လို့ စာတွေက ၂ ကြောင်းရေး ၂ ကြောင်းမေ့တွေ ဖြစ်ကုန်တာ။

ကျွန်တော် ဖြူးမှာတုန်းက ထန်းရည်လည်း ကောင်းကောင်း သောက်တတ်သွားတယ်။ တောအရက်ဆိုလည်း ချတာပဲ။ ဆေးခြောက်ဆိုလည်း တော်တော် ကြိုက်တာ အဲဒီတုန်းက။ ကောင်မလေးတွေနဲ့တော့ မရှုပ်ဘူးဗျ။ အဲဒီတုန်းက ဘယ်သူ့ကိုမှ စိတ်မ၀င်စားတာ။ ကျွန်တော့ကို ခင်ခင်မင်မင် ရှိရှာလေတဲ့ ကေခိုင်မြင့်ဆိုတဲ့ ကောင်မလေး တစ်ယောက်တော့ ရှိတယ်။ ဒါပေမယ့် ကျောင်းမှာ စကားတောင် ၅ မိနစ် ပြည့်အောင် မပြောဖူးဘူး။ ( အဲဒီကောင်မလေးနဲ့ တက္ကသိုလ် တတိယနှစ်မှာ ပြန်ဆုံတော့ ကျွန်တော့ ရည်းစားဖြစ်သွားရှာတယ်...... အခုတော့ ..............ဟဲဟဲ ကျွန်တော့ မိန်းမ ဖြစ်နေပြီ )

ကျွန်တော်တို့ ဆေးခြောက်ချတုန်းက မှတ်မှတ်ရရ ဖြူးရဲ့ တစ်ဘက်ကမ်း ၀ဲဒေါင့်ဆိုတာရှိတယ်။ ဖြူးမြို့အစွန်မှာပေါ့။ အဲဒီမှာ ဆေးခြောက်ပြဲပြဲနဲ့ အကြော်သွားစားတော့ မီးရထားသံလမ်းကို စားပွဲခွပြီး ထိုင်စားကြတာ။ ရထားကြီးက ကိုယ့်ဆီလာနေတာကို အားလုံးက တဟားဟားနဲ့ ရယ်ပြီး ကြည့်နေကြတာ။ နောက်မှ ဘေးက လူတွေက ၀ိုင်းအော်ကြလို့ ဆင်းပြေးကြတာ ရထားသံလမ်းပေါ်ကနေ။ နောက်မှ အမူးပြေမှ ပြန်စဉ်းစားကြည့်တော့ တော်တော် မိုက်ကြတာပဲပေါ့လေ။ ရထားကြီးကတော့ စားပွဲကြီးကို ကြိတ်သွားတော့ လျော်လိုက်ရသေးတယ် စားပွဲဖိုး။ ( :D )

ဒါပေမယ့် ကျွန်တော် ဘယ်လောက် ဆိုးဆိုး စာကိုတော့ မှန်မှန်လုပ်ခဲ့တာ။ အိမ်စာလည်း မလစ်ဟင်းဘူး။ ဇီဝကိုလည်း တစ်ရက် တစ်ပုဒ်နှုန်းနဲ့ ကျက်သွားလိုက်တာ။ စာမေးပွဲတွေ ဖြေတော့ သူများတွေ စာအုပ်နဲ့ မျက်နှာနဲ့ မခွာ စာမေးပွဲအခန်းထဲထိ ဖတ်နေမလား မှတ်ရတဲ့ အချိန် ကျွန်တော် ဟေမာနေ၀င်းရဲ့ " မောင် ... ဘယ်လို ဖြေဖြေ မရတော့ဘူး " ဆိုတဲ့ သီချင်းကို ကောင်မလေးတွေ အနား သွားသွားဆိုပြီး စ လို့ကောင်းနေတာပေါ့။

အဲဒီနှစ်မှာ ကျွန်တော် ဂုဏ်ထူး ၃ ဘာသာ နဲ့ မြို့နယ် ပထမ ဆုကို အောင်အောင် မြင်မြင် ရရှိခဲ့တယ်။

Thursday, February 9, 2012

အလယ်ပိုင်းကာလ


စာမရေးဖြစ်တာလည်း နည်းနည်းတော့ ကြာသွားတော့ ရေးရမှာ တော်တော်ပျင်းလာတယ်။
ရေးစရာတွေကတော့ အများသား။
ဘယ်က စလို့ ဘာကို ရေးရမှန်းလည်း မဆုံးဖြတ်နိုင်ဘူး ဖြစ်နေတယ်။
ကိုယ်ပိုင် ဆင်ဆာ နဲ့ ငြိနေတာက များနေတော့။
အင်း ...
တစ်ခုခုတော့ ရေးမှာပေါ့နော်။
ဟိုးတုန်းကတဲ့...
အလွန်ရိုးသား ဖြူစင်တဲ့ ကောင်လေး တစ်ယောက်ရှိတယ်တဲ့။ စာကိုပဲ ကြိုးစားပြီးတော့ ကျန်တာတွေဆို ဘာကိုမှ စိတ်မ၀င်စားဘူးတဲ့။
သူ့နာမည်ကတော့ အားလုံးသိကြတဲ့အတိုင်း မောင်သက်ဝင်း လို့ ခေါ်သတဲ့။
သူ့ဘ၀မှာ အကြီးကျယ်ဆုံးပြောင်းလဲသွားတာက သူ့ရဲ့ ၁၀ တန်း စာမေးပွဲကို ကျရှုံးတဲ့အချိန်ပဲတဲ့။ သူ့ဘ၀မှာ ပထမဆုံး ကျရှုံးခြင်းလည်း ဖြစ်တယ်တဲ့။
အဓိက ကျရှုံးရတာက ၀ီရိယ လွန်ကဲမှုကြောင့် ပေါ့။ စာတွေကို အိပ်ချိန်နည်းနည်းပဲ ထားပြီး ကျက်လိုက်တာ ၁၀ တန်းကို ဂုဏ်ထူး ၂ ဘာသာ၊ မြို့နယ်မှာ အမှတ်အများဆုံးနဲ့ ကျရှုံးသတဲ့လေ။
အဲဒီမှာ ကောင်လေးက ပေါက်ကွဲပြီး ၁၀ တန်း ဒုတိယနှစ်မှာ အင်မတန် တေလေပြီးတော့ ဆိုးသွမ်းခဲ့တယ်တဲ့။ ဒါပေမယ့် ပထမနှစ်မှာ ပါရမီ ပြည့်ခဲ့တော့ စာမေးပွဲမှာ မြို့နယ် ပထမ အဆင့်အနေနဲ့ပဲ အောင်မြင်ခဲ့သတဲ့။
ကောင်လေးက သူဝါသနာပါတဲ့ စက်မှုတက္ကသိုလ်ကို ရွေးချယ်မှု အဆင့် ပထမ နဲ့ ဒုတိယတွေ တတိယတွေ မထားပဲ လျှောက်ထားပြီး အဲဒီ စွယ်တော်တွေနဲ့ လှပတဲ့ အင်းစိန် ကြို့ကုန်း က စက်မှုတက္ကသိုလ်ကြီးဆီမှာ ပညာ သင်ကြားခဲ့သတဲ့။ ဒါပေမယ့် အဲဒီကျောင်းမှာ သူနာမည် ကျော်တာကတော့ ဖဲအလွန်ရိုက်တဲ့သူဆိုပြီး ကျော်ကြားသတဲ့။ အရက်သောက် ရန်ဖြစ် အဆောင်ရှေ့မှာ မူးမူးနဲ့ သီချင်းသွားအော်ဆို။ အဆောင်မှုးတွေလိုက်ရင် အဆောင်တွေကို ပတ်ပြီးပြေး... အဲဒီလိုနဲ့ပဲ စက်မှုတက္ကသိုလ်ကနေ ဘွဲ့တစ်ခု ရလာခဲ့တာပေါ့လေ။
အခုတော့ သားကျွေးမှု မယားကျွေးမှုတွေနဲ့ ကျွန်းနိုင်ငံ သေးသေးလေးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ ကုမ္ပဏ္ဏီ သေးသေး တစ်ခုမှာ အလုပ်လုပ်နေရှာသတဲ့။
ဒါပေမယ့် အဲဒီကျွန်းမှာလည်း သူဟာ မလိမ္မာသေးပဲနဲ့ မိုက်တုန်း ရှိနေသေးသတဲ့။

အင်း ဒီလောက်ဆိုရင် နည်းနည်းတော့ အားသာပြေ ရေးဖြစ်သွားတာပေါ့နော်။
နောက်ကြုံမှပဲ သမီးစံ ရဲ့ တပ်ဂ် ငယ်ငယ်တုန်းက အမှတ်တရလေးတွေ ထပ်ရေးပါဦးမယ်။
ချစ်ခင်စွာဖြင့်.....

Wednesday, January 18, 2012

ရိုင်းတဲ့ စကား


စကားပြော ရိုင်းတဲ့သူတွေကို ဒီစင်ကာပူမှာ တွေ့နေရတာတော့ အများကြီးပါပဲ။ တစ်ချို့ကတော့ လူမျိုးမတူ စရိုက်ကွဲပြားကျတော့ နားထောင်ရတာ အင်မတန်မှ ရိုင်းပါတယ်။ တစ်ချို့ကျတော့ အကျင့်ပါနေလို့ စကားပြော ရိုင်းပါတယ်။
ကျွန်တော်တွေ့ကြုံရတဲ့ သူတွေထဲက တစ်ချို့အကြောင်းလေးတွေ ပြောပြပါ့မယ်။
၁။ ကျွန်တော့ သူဌေး စင်ကာပူ တရုတ်
စကားပြောရင် WTF ကို ထည့်ပြောတတ်တယ်။ နားထောင်ရတာ သူတို့အတွက် ဘာမှ မဆန်းပေမယ့် ကျွန်တော့လို လူအတွက်ကတော့ ဒီလူ တော်တော် ရိုင်းပါတယ်။ ကျွန်တော်ကိုယ်တိုင် စကားပြောရင် ဆဲတာ ဆိုတာ တွေ မပါအောင် အထူးသတိထားပြီး ပြောပါတယ်။ တစ်ခါတစ်လေ တအားစိတ်ဆိုးမှသာ ဆဲဆိုမိတာပါ။
၂။ ကျွန်တော့ အလုပ်သမားတွေ...
စကားပြောရင် အင်း အင်း နဲ့ တော်တော်ရိုင်းတဲ့ကုလားလေးတွေ
၃။ အင်း သူကတော့ ဗမာ ပဲ...
သူကလည်း စကားပြောရင်း အင်း အင်း နဲ့။
ဆရာကြီးလေသံ အမြဲ ဖမ်းတတ်တယ်။ လူကြည့်တော့ လက်မလောက်လေး... အသက်ပြောတာပါ။
ကျွန်တော်ကတော့ ဘယ်သူတွေ ဘယ်လောက်ရိုင်းရိုင်း ကျွန်တော်နဲ့ အရင်းနှီးဆုံး ပါတ်သက်တဲ့ သူတွေကိုတော့ ယဉ်ကျေးစေချင်တယ်။ စကားပြောရင် ဟုတ်ကဲ့ ဆိုတာမျိုးတော့ အနည်း ဆုံးပြောသင့်တယ်။ ပြောလိုက်ရင် ဘာလဲ ဆိုတာမျိုး ၊ ဘာဖြစ်လဲ ဆိုတာမျိုး လာပြောရင် နားရင်းသာ ပိတ်တီးချင်တော့တာပါပဲ။ ဒါဟာလည်း ချစ်လို့ ဆိုတာ သိစေချင်တယ်။
ကျွန်တော်တို့ မြန်မာ လူမျိုးတွေဟာ ယဉ်ကျေးလိမ္မာ ချစ်ခင်စရာ ကောင်းတယ် ဆိုတာပဲ ဖြစ်စေချင်တယ်။
ဒါဟာလည်း ကျွန်တော့ ရဲ့ အတ္တ တစ်ခုပေါ့နော်။
ဘာပဲ ပြောပြော ကျွန်တော်ကတော့ အချစ်မပျက်ပါဘူး။ ကိုယ့်သားသမီးတွေ ညီညီမတွေကို ယဉ်ကျေးတဲ့ စရိုက်လေးတွေ ရှိစေချင်တာပါ။ ဒါကလည်း သူတို့ရဲ့ မျိုးဆက်တွေအတွက် လိမ္မာ ယဉ်ကျေးတဲ့သူတွေ ဖြစ်စေချင်လို့ပါပဲ။

စကားပြောကောင်းတဲ့ လူ


ကျွန်တော် အမြင်ကပ်ဆုံးက စကားပြောနေရင်းနဲ့ ကိုယ့်စကားကို အာရုံမထားပဲ သူပြောချင်တာကို ၀င်ပြောတတ်တဲ့သူမျိုးကိုပါပဲ။ ကျွန်တော့ ပါတ်ဝန်းကျင်မှာကို ဒီလို လူမျိုးတွေ တွေ့တွေ့ နေရတယ်။ တကယ် စိတ်မချမ်းမြေ့စရာပါပဲ။ ကိုယ့်စကားနွားရ ဆိုတဲ့လူမျိုးဟာ ဘယ်တော့မှ Speaker ကောင်း တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ Good Listener ဖြစ်မှသာလျှင် Good Speaker တစ်ယောက် ဖြစ်လာမှာပါ။ ကျွန်တော်လည်း အရင်နုစဉ်တုန်းက ဒီလို ၀င်ဝင် ပြောတတ်တယ်။ ကျွန်တော့ ကို ကောင်းကောင်းလေ့ကျင့် ပေးသွားတာက ကျွန်တော့ ယောက္ခမ နဲ့ ကျွန်တော့အမေ ပါပဲ။ အသက်ကြီးလာတဲ့ အခါမှာ သူတို့မှာ အဓိက လိုအပ်တာက သူတို့ ပြောတာကို စိတ်ရှည် လက်ရှည် နားထောင်ပေးတတ်တဲ့သူကိုပါပဲ။ ကျွန်တော်ဟာ သူများပြောတာကို စိတ်ရှည်လက်ရှည် နားထောင်ပေးတတ်တဲ့ အကျင့်ကို ဒီမိဘတွေဆီက ရရှိလာတာပါပဲ။ ကျွန်တော် Network Marketing ကို လုပ်တော့ ဒီအကျိုးကျေးဇူးကို ကောင်းကောင်း ခံစားလိုက်ရတယ်။
စင်ပေါ်မှာ စကား ပြော ဖို့ဆိုတာ သာမာန်လူတစ်ယောက်အနေနဲ့ မလွယ်ပါဘူး။ ကိုယ်တိုင် ပြောဘူးတဲ့ သူမှ သိတာပါ။

Friday, January 13, 2012

Friday the Thirteen


ကျွန်တော် အကြိုက်ဆုံး ဗီဒီယိုက Friday the Thirteen....
ဒီနေ့ မှာ ICA မှာ PR သွားတင်တယ်။
စာရွက်စာတမ်း မပြည့်စုံလို့ နောက်ထပ် ရက်ချိန်း ပေးလိုက်ပြန်တယ်။
......
ဒီနေ့ အိမ်က ညီမလေး ရဲ့ မွေးနေ့.......
ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းပေးနိုင်တယ်။ သူ့မှာလည်း သူ့အပူနဲ့သူဆိုတော့.....
......
နှစ်ရက် ရှိပြီ ကဗျာ မစပ်နိုင်တာ.....
ခေါင်းတွေလည်း ထူပူနေတာပဲ......
ဒီနေ့လည်း ကပေါက်တိ ကပေါက်ချာ နေ့စွဲ တစ်ခုပါပဲ။

Thursday, January 12, 2012

စိတ်ဓါတ်ကျမိတဲ့ နေ့စွဲ ထဲက တစ်နေ့


အသက် ၄၀ ကို စတင် ကျော်ဖြတ်ခဲ့တဲ့ သားဆိုး တစ်ယောက် ခုချိန်ထိ အမေ့ရင်ခွင်ကို တမ်းတတုန်းဆိုတာ ဘယ်သူ ယုံနိုင်မှာလဲ။ ပျောက်ကွယ်ခဲ့တဲ့ အမေ့ရဲ့ ရင်ခွင်ကို ဘာနဲ့မှ အစားထိုးလို့ မရခဲ့ပါဘူး။ ခုချိန်ထိ စိတ်တွေ ထွေပြားနေတဲ့ အမေ့ရဲ့ သားဆိုးဟာ လူတွေနဲ့ ဝေးရာကိုပဲ ထွက်ပြေးချင်နေမိတယ်။ ကိုယ့်မိသားစု အပေါ်မှာလည်း ခုချိန်ထိ တာဝန် မကျေပွန်နိုင်သေးဘူး။ ကျွန်တော့် ရဲ့ မျှော်လင့်ချက် အိပ်မက် အကောင်အထည်ဖော်နေတဲ့ အချိန်ဇယားရဲ့ သတ်မှတ်ချက် အသက် ၅၀ ကို ပြည့်ဖို့ ၁၀ နှစ်ပဲ လိုတော့တယ်။ ဒါပေမယ့် သေချာမှုကို ခုချိန်ထိ မရရှိသေးဘူး။ ကျွန်တော် ပင်ပန်းလှပြီ။
ဟိုးတုန်းကလို ပျော်မြူးခဲ့ရတဲ့အချိန်တွေကို တမ်းတ မိနေဆဲ။
အပူအပင် မရှိခဲ့တဲ့ ကလေးဘ၀ကို ပြန်လိုချင်နေမိမြဲ။
ကဗျာတွေကလည်း အသက်မဲ့နေခဲ့ပါပြီ။