Showing posts with label အမိမြေ. Show all posts
Showing posts with label အမိမြေ. Show all posts

Monday, January 30, 2012

အမျိုးချစ်တဲ့ကျုပ်ရဲ့ ကာရန်မရှိသော ကဗျာ တစ်ပုဒ်


ကမ္ဘာမှာ မြန်မာဝင့်ကြွားစေရယ်ဖို့
ခင်ဗျားတို့ အတုယူထိုက်သော အရာကို အတုယူကြပါ။

ဒါကိုတော့ လက်မခံနိုင်ဘူး
ဒို့တွေရဲ့ အမူအကျင့်နဲ့ မအပ်စပ်ဘူးဆိုတဲ့အရာကို
ရှောင်ကြဉ်ကြပါ။

ဘယ်သူမှ ခြောက်ပစ်ကင်း သဲလဲစင် မရှိပါဘူး

ကျုပ်ကတော့ ရင်မောတယ်

ဝင်လည်း မပါချင်ဘူး။

မကြည့်ပဲနဲ့လည်း မနေနိုင်လို့
အမြဲတမ်းပဲ စောင့်ကြည့် လေ့လာတယ်။

တဏှာမပါပဲ
အပြာကား ရိုက်လို့ရသလား

သွားစမ်းပါ။

အမျိုးဂုဏ်ဆိုတာဘာလဲ။

ခင်ဗျား အဖေနဲ့ အမေ ရဲ့ အမျိုးကို
ကျုပ် ပြောနေတာ မဟုတ်ဘူး။

ယဉ်ကျေးမှုကိုကော နားလည်ရဲ့လား
နိုင်ငံခြားမှာ အနေကြာလို့
ခင်ဗျားကြီး မေ့သွားတာလား။

သခင်ကိုယ်တော်မှိုင်းကြီး
မျက်ရည်ကျရမယ့် နေ့တွေ ဖန်တီးနေတာလား။

ကျုပ်ကတော့ ကျုပ်တို့ တိုင်းပြည်ကိုပဲ ချစ်တယ်
ကျုပ်တို့ ယဉ်ကျေးမှုကိုပဲ မြတ်နိုးတယ်

လျှာပေါ်မှာ မြက်ပေါက်ပါစေ
အလေလိုက်မယ့် စိတ်ထားနဲ့
ကျုပ်ကို လာ မဖြားယောင်းနဲ့
ကျုပ်ကတော့ ဗူးဆို ဖရုံ မသီးဘူး
ပြီးမှလည်း ငြမ်း မဖျက်တတ်ဘူး။

ဒါပေမယ့် တစ်ခုပဲ ပြောမယ်
ကျုပ် အမျိုးကိုတော့ ချစ်တယ်။

Saturday, January 28, 2012

ပညာရေးနှင့် တိုင်းပြည် အနာဂါတ် အလားအလာ


ကျွန်တော်သည် စက်မှုတက္ကသိုလ်မှ ဘွဲ့ရ တစ်ဦး ဖြစ်ပါသည်။ ကျွန်တော် ပထမနှစ် စတက်ခဲ့စဉ်က သင်္ချာဘာသာရပ်များမှာ အထက်တန်းကျောင်းမှ သင်ထားသော ဘာသာရပ်နဲ့ အလွန်ကွဲပြားသည့်အတွက် မဖြစ်မနေ ကျူရှင်ယူပြီး နားလည်နိုင်အောင် ကြိုးစားခဲ့ရသည်။ ဘာသာရပ်များ ခွဲပြီးသည့် အခါတွင်ကား ကျူရှင်ယူစရာ မလိုတော့ပေ။ မိမိအခန်းတွင် သင်သော သက်ဆိုင်သော ဘာသာရပ်များကို ဆရာများမှ သင်ယူထားသည့်အတိုင်း လေ့လာခဲ့ပြီး နားမလည်သည့် အကြောင်းအရာများကို စာကြည့်တိုက်များမှ လည်းကောင်း၊ ဆရာများထံ ချဉ်းကပ်၍လည်းကောင်း သင်ယူခဲ့ရသည်။ စာမေးပွဲများတွင် အဆင့်မကောင်းသော်လည်း အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ပါသည်။
ယခု ကျွန်တော်၏သား အလှည့်။ သူသည်လည်း မြို့ပြဘာသာရပ်ဖြင့် ပထမနှစ်တက်နေသူ ဖြစ်လေသည်။ သားဖြစ်သူမှ ကျူရှင်ယူလိုသည်ဟု ပြောသည်ကို ကြားခါစတွင် မအံ့သြမိသော်လည်း ဘာကြောင့် ယူချင်ရသည်ကို မေးမြန်းရာမှ အကြောင်းစုံ သိရ၍ အလွန်တရာမှ တုန်လှုပ်မိလေတော့သည်။ သားဖြစ်သူမှ ဆရာ/ဆရာမ များမှ အတန်းတွင် စာကောင်းစွာ မသင်ကြားကြောင်းနှင့် သင်ရိုးကိုလည်း ကောင်းစွာ မသင်ဟု သိရသည်။ အပြင်တွင် ကျူရှင်ဖွင့်ထား၍ ကျူရှင်တွင်သာ သင်သည်။ အတန်းတွင် လူစာရင်းစစ်ခြင်းသည်သာ အဓိကထားပြီး ကျောင်းသားများ ပျက်စီးနေမှုကို လျှစ်လျူရှုထားသည့် အဖြစ်ကို သားမှ တစ်ဆင့်သိရ၍ တုန်လှုပ်မိပါသည်။ ကျွန်တော့မှာ မယုံနိုင်၍ သား၏ အကိုတော်သူတစ်ဦးအား ကျောင်းကို သားနှင့်အတူတက်၍ စုံစမ်းခိုင်းမိသည်မှ အကြောင်းစုံကို ပို၍ သိလာရသည်။
တိုင်းပြည်တစ်ပြည်၏ အနာဂါတ်အလားအလာမှာ ပညာရေးသည် အဓိက ကျသော နေရာမှ ပါဝင်ပေသည်။ ကျွန်တော်တို့သင်ယူခဲ့သော၊ ကျွန်တော့သား သင်ယူနေသော အင်ဂျင်နီယာ ဘာသာရပ်များမှာ ပို၍ နက်နဲစွာ ပါဝင်မည်မှာ မြေကြီးလက်ခက်မလွဲပေ။ ကျွန်တော်တို့တိုင်းပြည်၏ အဓိက လိုအပ်ချက်များ ဖြစ်သော အခြေခံ အဆောက်အဦများမှာ ကျွန်တော်တို့ကဲ့သို့ အင်ဂျင်နီယာများမှ တည်ဆောက်ရမည် မဟုတ်ပါလော။ ယခုအချိန်ကဲ့သို့ တိုင်းပြည်၏ ကောင်းမွန်သော ပြောင်းလဲချက်များကို ခေတ်နှင့်လျော်ညီစွာ တည်ဆောက်ရမည်မှာ ယခုခေတ် လူငယ်လူရွယ်တို့၏ အင်အားနှင့် တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်မှုသည် အရေးပါပေသည်။ လူငယ် လူရွယ်တို့၏ အညွန့်ကို ယခုကဲ့သို့ ရိုက်ချိုးနေခြင်းမှာ တိုင်းပြည်အတွက် အလွန်ပင် နစ်နာပေသည်။ ယခုဆိုလျင် ကျွန်တော်၏သားမှာ မြန်မာပြည်တွင် ပညာ သင်ကြားလိုစိတ် မရှိပဲ နိုင်ငံခြား တိုင်းပြည် တစ်ခုတွင် ပညာသင်ကြားလိုနေသည်မှာ လူငယ်လူရွယ်တစ်ဦး၏ မြန်မာပြည် ပညာရေးစနစ်ကို ပြက်ရယ်ပြုလိုက်ခြင်းသာ ဖြစ်သည်ဟု ကျွန်တော့အနေနဲ့ ခံစားမိပါသည်။
အရင်းစစ် အမြစ်မြေက ဆိုသကဲ့သို့ ဘာကြောင့် ယခုလို ဖြစ်ပျက်ရပါလဲ။ တိုင်းပြည်၏ ခေါင်းဆောင်များဟု ဆိုသော ပုဂ္ဂိုလ်များ အလေးအနက်ထား စဉ်းစားသင့်သော အရာတစ်ခု ဖြစ်ပါသည်။ ကျွန်တော့အနေဖြင့် ရိုးရိုးရှင်းရှင်းသာ မြင်ပါသည်။ အဓိက ပြဿနာမှာ စားဝတ်နေရေးသာ ဖြစ်ပေလိမ့်မည်။ ဆရာ/ဆရာမ များအား လစာ ကောင်းစွာ မထောက်ပံ့ခြင်းသာလျှင် အဓိက ဖြစ်ပေလိမ့်မည်။ ဆရာ/ဆရာမ များအား လစာ ကောင်းစွာ ထောက်ပံ့ခြင်းဖြင့် ကျောင်းတွင် စာသင်ကြားရေးကိုသာ အာရုံစိုက်မည် ဆိုပါက မည်သူမျှ ကျူရှင်ပညာရေးကို လုပ်လိမ့်မည် မဟုတ်ချေ။
မိမိတို့တိုင်းပြည်၏ ၀န်ထမ်းများအား လစာ ကောင်းမွန်စွာ မထောက်ပံ့နိုင်လျှင် မည်ကဲ့သို့သော အဂတိမျိုးကို ပိတ်ပင်တားဆီးနိုင်မည်နည်း။ အရေးကြီးသော အချက်ပင် ဖြစ်သည်။ ၀န်ထမ်းများအား လစာကောင်းမွန်စွာ ထောက်ပံ့ပြီးသကာလ ကုန်ဈေးနှုန်းများ လိုက်မြှင့်တက်မည့် ၀ိသမလောဘသမားများအား ထိန်းချုပ်ရမည်မှာ တိုင်းပြည် အုပ်ချုပ်နေသော၊ ပြည်သူများမှ တင်မြှောက်ထားသည့် သမ္မတကြီးနှင့်တကွ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများသာ ဖြစ်သည်။

Saturday, January 14, 2012

မနေ့က ခံစားချက်


မနေ့ကတည်းက ရေးချင်နေတာ...
အချိန်မရတာနဲ့ ဒီနေ့မှ ရေးလိုက်ရတယ်။
မြန်မာပြည်မှာ သတင်းကောင်းတွေ ကြားရလို့ ၀မ်းသာလိုက်တာ
မျက်ရည်တွေတောင် လည်လို့။
မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို တကယ် သွားနေပြီလို့ပဲ ယုံနေချင်တယ်။
ကိုမင်းကိုနိုင်တို့လွတ်လာတာ တိုင်းပြည်အတွက် တကယ်ပဲ အကျိုးရှိပါတယ်။
မာန်မာနတွေ ချထားတဲ့ ဦးခင်ညွန့်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းပြီး တိုင်းပြည်အတွက်
ကောင်းရာကောင်းကျိုး ကို လုပ်စေချင်တယ်။
ဘယ်ပဲပြောပြော သူ့လက်ထက်မှာတုန်းက နိုင်ငံတကာမှာ ၀င်ဆန့်ခဲ့တာ ဘယ်သူမှ မငြင်းနိုင်ဘူး။
ငြိမ်းချမ်းရေး လုပ်ခဲ့တာတွေလည်း နည်းမှ မနည်းပဲ။
သူ့လက်အောက်က တစ်ချို့တွေရဲ့ မကောင်းမှုကြောင့် သူလည်း ခံစားခဲ့ရတာပါပဲ။
ဒီမိုကရေစီိကို ကြွေးကြော်ပြီး မကောင်းတာ လုပ်နေတဲ့သူတွေလည်း နည်းမှ မနည်းတာ။
ငါးခုန်းမ တစ်ကောင်ကြောင့်တော့ တစ်လှေလုံး မပုပ်စေချင်တော့ပါဘူး။
တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ သူများနိုင်ငံတွေရဲ့ အနှိမ်ခံ မဟုတ်ပဲ ရင်ဘောင်တန်း နေတာကိုပဲ လိုချင်မိတယ်။
ကျွန်တော်တို့လို သူများနိုင်ငံတွေမှာ အလုပ်ထွက်လုပ်ပြီး မိသားစုနဲ့ခွဲခွာနေရတဲ့သူတွေအဖို့ ခံစားရချက်တွေက
မနည်းမနောပဲကိုး။
အားလုံးကို ချစ်ခင်စွာဖြင့်
သက်ဝင်း

Wednesday, January 11, 2012

ကိုနေ၀င်းမောင် သို့


သုဂတိမှာ ကောင်းစေဘို့
ကျွန်တော် တောင်းဆု ပြုပါတယ်
သူ ထုဆစ်ခဲ့တဲ့ ရုပ်လုံး
အကုန်လုံး မပေါ်တောင်
အရှုပ်ဘောင်ကို ကျော်လာတာ
လူတကာ သိကြပါတယ်။

ဆရာ့အကြောင်း
တစ်စေ့တစ်စောင်းလေး
အကောင်းတွေမသိ
အမုန်းတွေနဲ့ ငြိတဲ့အချိန်မှာတောင်
လူမသိ သူမသိ
ဝေဒနာ ထိ ခဲ့တာတွေ
ခုတော့လေ
ကိုနေ ရေ...
ကျွန်တော် ၀မ်းနည်းမိပါရော့လား။