Saturday, January 14, 2012

မနေ့က ခံစားချက်


မနေ့ကတည်းက ရေးချင်နေတာ...
အချိန်မရတာနဲ့ ဒီနေ့မှ ရေးလိုက်ရတယ်။
မြန်မာပြည်မှာ သတင်းကောင်းတွေ ကြားရလို့ ၀မ်းသာလိုက်တာ
မျက်ရည်တွေတောင် လည်လို့။
မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို တကယ် သွားနေပြီလို့ပဲ ယုံနေချင်တယ်။
ကိုမင်းကိုနိုင်တို့လွတ်လာတာ တိုင်းပြည်အတွက် တကယ်ပဲ အကျိုးရှိပါတယ်။
မာန်မာနတွေ ချထားတဲ့ ဦးခင်ညွန့်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းပြီး တိုင်းပြည်အတွက်
ကောင်းရာကောင်းကျိုး ကို လုပ်စေချင်တယ်။
ဘယ်ပဲပြောပြော သူ့လက်ထက်မှာတုန်းက နိုင်ငံတကာမှာ ၀င်ဆန့်ခဲ့တာ ဘယ်သူမှ မငြင်းနိုင်ဘူး။
ငြိမ်းချမ်းရေး လုပ်ခဲ့တာတွေလည်း နည်းမှ မနည်းပဲ။
သူ့လက်အောက်က တစ်ချို့တွေရဲ့ မကောင်းမှုကြောင့် သူလည်း ခံစားခဲ့ရတာပါပဲ။
ဒီမိုကရေစီိကို ကြွေးကြော်ပြီး မကောင်းတာ လုပ်နေတဲ့သူတွေလည်း နည်းမှ မနည်းတာ။
ငါးခုန်းမ တစ်ကောင်ကြောင့်တော့ တစ်လှေလုံး မပုပ်စေချင်တော့ပါဘူး။
တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ သူများနိုင်ငံတွေရဲ့ အနှိမ်ခံ မဟုတ်ပဲ ရင်ဘောင်တန်း နေတာကိုပဲ လိုချင်မိတယ်။
ကျွန်တော်တို့လို သူများနိုင်ငံတွေမှာ အလုပ်ထွက်လုပ်ပြီး မိသားစုနဲ့ခွဲခွာနေရတဲ့သူတွေအဖို့ ခံစားရချက်တွေက
မနည်းမနောပဲကိုး။
အားလုံးကို ချစ်ခင်စွာဖြင့်
သက်ဝင်း

Friday, January 13, 2012

Friday the Thirteen


ကျွန်တော် အကြိုက်ဆုံး ဗီဒီယိုက Friday the Thirteen....
ဒီနေ့ မှာ ICA မှာ PR သွားတင်တယ်။
စာရွက်စာတမ်း မပြည့်စုံလို့ နောက်ထပ် ရက်ချိန်း ပေးလိုက်ပြန်တယ်။
......
ဒီနေ့ အိမ်က ညီမလေး ရဲ့ မွေးနေ့.......
ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းပေးနိုင်တယ်။ သူ့မှာလည်း သူ့အပူနဲ့သူဆိုတော့.....
......
နှစ်ရက် ရှိပြီ ကဗျာ မစပ်နိုင်တာ.....
ခေါင်းတွေလည်း ထူပူနေတာပဲ......
ဒီနေ့လည်း ကပေါက်တိ ကပေါက်ချာ နေ့စွဲ တစ်ခုပါပဲ။

Thursday, January 12, 2012

စိတ်ဓါတ်ကျမိတဲ့ နေ့စွဲ ထဲက တစ်နေ့


အသက် ၄၀ ကို စတင် ကျော်ဖြတ်ခဲ့တဲ့ သားဆိုး တစ်ယောက် ခုချိန်ထိ အမေ့ရင်ခွင်ကို တမ်းတတုန်းဆိုတာ ဘယ်သူ ယုံနိုင်မှာလဲ။ ပျောက်ကွယ်ခဲ့တဲ့ အမေ့ရဲ့ ရင်ခွင်ကို ဘာနဲ့မှ အစားထိုးလို့ မရခဲ့ပါဘူး။ ခုချိန်ထိ စိတ်တွေ ထွေပြားနေတဲ့ အမေ့ရဲ့ သားဆိုးဟာ လူတွေနဲ့ ဝေးရာကိုပဲ ထွက်ပြေးချင်နေမိတယ်။ ကိုယ့်မိသားစု အပေါ်မှာလည်း ခုချိန်ထိ တာဝန် မကျေပွန်နိုင်သေးဘူး။ ကျွန်တော့် ရဲ့ မျှော်လင့်ချက် အိပ်မက် အကောင်အထည်ဖော်နေတဲ့ အချိန်ဇယားရဲ့ သတ်မှတ်ချက် အသက် ၅၀ ကို ပြည့်ဖို့ ၁၀ နှစ်ပဲ လိုတော့တယ်။ ဒါပေမယ့် သေချာမှုကို ခုချိန်ထိ မရရှိသေးဘူး။ ကျွန်တော် ပင်ပန်းလှပြီ။
ဟိုးတုန်းကလို ပျော်မြူးခဲ့ရတဲ့အချိန်တွေကို တမ်းတ မိနေဆဲ။
အပူအပင် မရှိခဲ့တဲ့ ကလေးဘ၀ကို ပြန်လိုချင်နေမိမြဲ။
ကဗျာတွေကလည်း အသက်မဲ့နေခဲ့ပါပြီ။

Wednesday, January 11, 2012

ကိုနေ၀င်းမောင် သို့


သုဂတိမှာ ကောင်းစေဘို့
ကျွန်တော် တောင်းဆု ပြုပါတယ်
သူ ထုဆစ်ခဲ့တဲ့ ရုပ်လုံး
အကုန်လုံး မပေါ်တောင်
အရှုပ်ဘောင်ကို ကျော်လာတာ
လူတကာ သိကြပါတယ်။

ဆရာ့အကြောင်း
တစ်စေ့တစ်စောင်းလေး
အကောင်းတွေမသိ
အမုန်းတွေနဲ့ ငြိတဲ့အချိန်မှာတောင်
လူမသိ သူမသိ
ဝေဒနာ ထိ ခဲ့တာတွေ
ခုတော့လေ
ကိုနေ ရေ...
ကျွန်တော် ၀မ်းနည်းမိပါရော့လား။

ချိုး နဲ့ ခါချဉ်



တရားမျှတခြင်းနဲ့
ဘာတဲ့.....
ဒါတွေက စာသားတွေပါ
ကဗျာတော့ မဟုတ်ဘူး
အရူးလုပ် မခံရပါစေလို့ပဲ
ဝေဒနာရှုရင်း
ဆုတောင်းတယ်။

ဘာတဲ့ ဘာတဲ့
ကြိုးစားပါမယ်တဲ့လား
ကြားရဖန် များလာတော့လည်း
ရိုးတော့ ရိုးနေပါပြီ
ဘ၀နဲ့ ချီလာပြီကိုး
အတိုးပေါ် အတိုးဆင့်
ရင်နင့်ခဲ့ရတာ
ငါ တစ်ယောက်တည်းမှ မဟုတ်ပဲ။

ဘာဗျ ဘာဗျ
ကြိုးစားကြပါလားတဲ့လား
ဘယ်လိုများ ကြိုးစားရပါ့
ချိုး(ဂျိုး) တစ်ကောင်
အတောင်တွေ ကျိုးနေတာ
မမြင်တာ ခင်ဗျားလေဗျာ။

သူ့လက်ထဲမှာ
ဘာရှိတာတုန်း
အဲဒါကြီးနဲ့သာ ကြုံးလိုက်ရင်
ရှင်နေမင်းတောင် မမြင်ရတဲ့
ဘ၀ ဆိုတာ ကြီး ပျောက်ကွယ်မှာလေ။

ဘယ်လို ဘယ်လို
ခင်ဗျားကိုတော့ မထိရဲ
အဲဒါပဲလေ ကျုပ်ပြောတာ
ကမ္ဘာမှ မကျော်တဲ့ငနဲ
လောကထဲမှာ ပျောက်ကွယ်လို့လည်း
ကိုယ်ကလွဲလို့
သူပဲသိမှာ
ခါချဉ်ကောင်ပါကွာ။

Tuesday, January 10, 2012

သမိုင်း ရိုင်း



အံကြိတ် ငုံ့ခံ
အားတန်လည်း မာန်လျှော့
အသံတွေ တိတ်
ကြိတ် ငိုကြွေးပေါ့
မင်း ရေးခဲ့တဲ့ သမိုင်း
ရိုင်းကာမှ ရိုင်းတော့
အနှိုင်းမဲ့မှာတော့ မဟုတ်ဘူးကွ။

ပစ္စုပ္ပန်မှာ
မင်းသာ ခံပေရော့
နောင်တော့ အနာဂတ်
လာတော့ လာမှာပေါ့
ဟော့သွမ်းမိခဲ့ မိုက်တစ်ခါအမှား
ခံစားရ တစ်သက်
ငါ ရှက်လှချည်ရဲ့။

ကိုယ်ချင်းစာလို့လည်း
မနာတတ်ကြသူတွေအတွက်
ငါ နံရံကိုသာ လက်သီးနဲ့ထိုး
ဒီအကျင့်ဆိုးနဲ့
မချင့်မရဲသာ ငိုမိ
ငါ သတ္တိတောင် မရှိတော့ဘူး။

ကြွေအံ ပစ်တဲ့အချိန်
ကိုယ် သိမ်ငယ်စိတ်ပျောက်
မိုးလောက် မြင့်မတ်
မျှော့်လင့်ချက် တိမ်တောင်
ယောင်မှား အမိုက်
ခိုက်တံ့ခဏ
နောင်တ ရပြန် တစ်ခါပေါ့။

အညံ့ပန်း


အညံ့ပန်းဆိုတာ ရှိတယ်
ရင်ထဲထိ မငြိပေမယ့်
အသိတရား ကွာတဲ့အချိန်
မှေးမိန်တဲ့ အလင်းအောက်မှာ
ရှာကြံ သုံးတတ်ကြလေရဲ့။

အညံ့ပန်းဆိုတာ ရှိတယ်
မရှိခဏ ဆိုပြီးတော့
အသိတရား ငြိတဲ့အချိန်မှာ
မာယာ စကားလှလှလေးတွေနဲ့
စွန့်ထားကြပြန် လေရဲ့။

အညံ့ပန်းဆိုတာ ရှိတယ်
ဝမ်းနည်းမှုကိုလည်း မပြတတ်
ဝမ်းသာရမှာကိုလည်း မစွမ်းသာ
သူ့ဝမ်းနာ သူသာသိသမို့
မေ့လိုက်ဖို့ပဲ တွေးမိတယ်။