Saturday, January 28, 2012

ပညာရေးနှင့် တိုင်းပြည် အနာဂါတ် အလားအလာ


ကျွန်တော်သည် စက်မှုတက္ကသိုလ်မှ ဘွဲ့ရ တစ်ဦး ဖြစ်ပါသည်။ ကျွန်တော် ပထမနှစ် စတက်ခဲ့စဉ်က သင်္ချာဘာသာရပ်များမှာ အထက်တန်းကျောင်းမှ သင်ထားသော ဘာသာရပ်နဲ့ အလွန်ကွဲပြားသည့်အတွက် မဖြစ်မနေ ကျူရှင်ယူပြီး နားလည်နိုင်အောင် ကြိုးစားခဲ့ရသည်။ ဘာသာရပ်များ ခွဲပြီးသည့် အခါတွင်ကား ကျူရှင်ယူစရာ မလိုတော့ပေ။ မိမိအခန်းတွင် သင်သော သက်ဆိုင်သော ဘာသာရပ်များကို ဆရာများမှ သင်ယူထားသည့်အတိုင်း လေ့လာခဲ့ပြီး နားမလည်သည့် အကြောင်းအရာများကို စာကြည့်တိုက်များမှ လည်းကောင်း၊ ဆရာများထံ ချဉ်းကပ်၍လည်းကောင်း သင်ယူခဲ့ရသည်။ စာမေးပွဲများတွင် အဆင့်မကောင်းသော်လည်း အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ပါသည်။
ယခု ကျွန်တော်၏သား အလှည့်။ သူသည်လည်း မြို့ပြဘာသာရပ်ဖြင့် ပထမနှစ်တက်နေသူ ဖြစ်လေသည်။ သားဖြစ်သူမှ ကျူရှင်ယူလိုသည်ဟု ပြောသည်ကို ကြားခါစတွင် မအံ့သြမိသော်လည်း ဘာကြောင့် ယူချင်ရသည်ကို မေးမြန်းရာမှ အကြောင်းစုံ သိရ၍ အလွန်တရာမှ တုန်လှုပ်မိလေတော့သည်။ သားဖြစ်သူမှ ဆရာ/ဆရာမ များမှ အတန်းတွင် စာကောင်းစွာ မသင်ကြားကြောင်းနှင့် သင်ရိုးကိုလည်း ကောင်းစွာ မသင်ဟု သိရသည်။ အပြင်တွင် ကျူရှင်ဖွင့်ထား၍ ကျူရှင်တွင်သာ သင်သည်။ အတန်းတွင် လူစာရင်းစစ်ခြင်းသည်သာ အဓိကထားပြီး ကျောင်းသားများ ပျက်စီးနေမှုကို လျှစ်လျူရှုထားသည့် အဖြစ်ကို သားမှ တစ်ဆင့်သိရ၍ တုန်လှုပ်မိပါသည်။ ကျွန်တော့မှာ မယုံနိုင်၍ သား၏ အကိုတော်သူတစ်ဦးအား ကျောင်းကို သားနှင့်အတူတက်၍ စုံစမ်းခိုင်းမိသည်မှ အကြောင်းစုံကို ပို၍ သိလာရသည်။
တိုင်းပြည်တစ်ပြည်၏ အနာဂါတ်အလားအလာမှာ ပညာရေးသည် အဓိက ကျသော နေရာမှ ပါဝင်ပေသည်။ ကျွန်တော်တို့သင်ယူခဲ့သော၊ ကျွန်တော့သား သင်ယူနေသော အင်ဂျင်နီယာ ဘာသာရပ်များမှာ ပို၍ နက်နဲစွာ ပါဝင်မည်မှာ မြေကြီးလက်ခက်မလွဲပေ။ ကျွန်တော်တို့တိုင်းပြည်၏ အဓိက လိုအပ်ချက်များ ဖြစ်သော အခြေခံ အဆောက်အဦများမှာ ကျွန်တော်တို့ကဲ့သို့ အင်ဂျင်နီယာများမှ တည်ဆောက်ရမည် မဟုတ်ပါလော။ ယခုအချိန်ကဲ့သို့ တိုင်းပြည်၏ ကောင်းမွန်သော ပြောင်းလဲချက်များကို ခေတ်နှင့်လျော်ညီစွာ တည်ဆောက်ရမည်မှာ ယခုခေတ် လူငယ်လူရွယ်တို့၏ အင်အားနှင့် တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်မှုသည် အရေးပါပေသည်။ လူငယ် လူရွယ်တို့၏ အညွန့်ကို ယခုကဲ့သို့ ရိုက်ချိုးနေခြင်းမှာ တိုင်းပြည်အတွက် အလွန်ပင် နစ်နာပေသည်။ ယခုဆိုလျင် ကျွန်တော်၏သားမှာ မြန်မာပြည်တွင် ပညာ သင်ကြားလိုစိတ် မရှိပဲ နိုင်ငံခြား တိုင်းပြည် တစ်ခုတွင် ပညာသင်ကြားလိုနေသည်မှာ လူငယ်လူရွယ်တစ်ဦး၏ မြန်မာပြည် ပညာရေးစနစ်ကို ပြက်ရယ်ပြုလိုက်ခြင်းသာ ဖြစ်သည်ဟု ကျွန်တော့အနေနဲ့ ခံစားမိပါသည်။
အရင်းစစ် အမြစ်မြေက ဆိုသကဲ့သို့ ဘာကြောင့် ယခုလို ဖြစ်ပျက်ရပါလဲ။ တိုင်းပြည်၏ ခေါင်းဆောင်များဟု ဆိုသော ပုဂ္ဂိုလ်များ အလေးအနက်ထား စဉ်းစားသင့်သော အရာတစ်ခု ဖြစ်ပါသည်။ ကျွန်တော့အနေဖြင့် ရိုးရိုးရှင်းရှင်းသာ မြင်ပါသည်။ အဓိက ပြဿနာမှာ စားဝတ်နေရေးသာ ဖြစ်ပေလိမ့်မည်။ ဆရာ/ဆရာမ များအား လစာ ကောင်းစွာ မထောက်ပံ့ခြင်းသာလျှင် အဓိက ဖြစ်ပေလိမ့်မည်။ ဆရာ/ဆရာမ များအား လစာ ကောင်းစွာ ထောက်ပံ့ခြင်းဖြင့် ကျောင်းတွင် စာသင်ကြားရေးကိုသာ အာရုံစိုက်မည် ဆိုပါက မည်သူမျှ ကျူရှင်ပညာရေးကို လုပ်လိမ့်မည် မဟုတ်ချေ။
မိမိတို့တိုင်းပြည်၏ ၀န်ထမ်းများအား လစာ ကောင်းမွန်စွာ မထောက်ပံ့နိုင်လျှင် မည်ကဲ့သို့သော အဂတိမျိုးကို ပိတ်ပင်တားဆီးနိုင်မည်နည်း။ အရေးကြီးသော အချက်ပင် ဖြစ်သည်။ ၀န်ထမ်းများအား လစာကောင်းမွန်စွာ ထောက်ပံ့ပြီးသကာလ ကုန်ဈေးနှုန်းများ လိုက်မြှင့်တက်မည့် ၀ိသမလောဘသမားများအား ထိန်းချုပ်ရမည်မှာ တိုင်းပြည် အုပ်ချုပ်နေသော၊ ပြည်သူများမှ တင်မြှောက်ထားသည့် သမ္မတကြီးနှင့်တကွ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများသာ ဖြစ်သည်။

No comments:

Post a Comment